ကလေးမြို့နယ် တင်သားရွာတွင် ကိုယ်တိုင်ထောင်သည့်လက်လုပ်မိုင်းဖြင့် ဒလန်တစ်ဦးသေဆုံးပြီးနောက် စစ်ကောင်စီတပ်များရောက်လာ၍ ရွာသားများ တိမ်းရှောင်နေရ

ကလေးမြို့နယ် တင်သားရွာတွင် ကိုယ်တိုင်ထောင်သည့်လက်လုပ်မိုင်းဖြင့် ဒလန်တစ်ဦးသေဆုံးပြီးနောက် စစ်ကောင်စီတပ်များရောက်လာ၍ ရွာသားများ တိမ်းရှောင်နေရ

စစ်ကိုင်တိုင်း၊ ကလေးမြို့နယ်၊ နန်းကသဲမြစ်တောင်ပိုင်းအုပ်စု၊ မြစ်သာမြစ်၏ အနောက်ဘက်ကမ်း တင်သားကျေးရွာတွင် စစ်တပ်သတင်းပေးသည့် ဒလန်အိမ်တွင် ယမန့်ညပိုင်းက လက်လုပ်မိုင်းပေါက်ကွဲကာ တစ်ဦးသေဆုံးပြီးနောက် ယနေ့ (ဧပြီ ၂၇ ရက်) တွင် စစ်ကောင်စီတပ်များ ရောက်လာသဖြင့် ရွာသူရွာသားများ တိမ်းရှောင်နေရကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဧပြီ ၂၆ ရက် ည ၁၂ နာရီအချိန်တွင် စစ်တပ်သတင်းပေးသူသည် မိမိအိမ်ကို ပြည်သူလူထုများရောက်လာမှာ ကြိုတင်သိထားခြင်းကြောင့် လက်လုပ်မိုင်းထောင်းထားခဲ့ပြီး ပြည်သူများရောက်လာချိန်တွင် ရှော့တိုက်လက်လုပ်မိုင်းကို ဖောက်ခွဲလိုက်သောကြောင့် သတင်းပေးသူ၏ အစ်မတော်စပ်သူမှာ သေဆုံးခဲ့ကြောင်း သိရသည်။

 

“မနေ့ညက စစ်ကောင်စီဘက်ကနေခန့်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် သတင်းပေး ဒလန်သုံးယောက်ရဲ့အိမ်ကို ပြည်သူတွေက သတင်းမပေးဖို့ သတိပေးတဲ့အနေနဲ့ ခဲနဲ့သွားထုကြတာ၊ အဲမှာ သူတို့က သူတို့အိမ်မှာ ပြည်သူလာရင်ဖောက်ခွဲဖို့ ဆွဲမိုင်းချထားတာ၊ မနေ့ကတော့ အိမ်ရှင်က အိမ်မှာမရှိတော့ဘူး၊ သူ့အစ်မတစ်ယောက်တည်းကျန်ခဲ့တော့ ပြည်သူတွေလာပြီဆိုပြီး မိုင်းခွဲလိုက်တဲ့ချိန် သူ့ဟာသူထိပြီး သေသွားတယ်၊ အလောင်းကို ဘယ်လိုလုပ်လိုက်လည်းတော့မသိဘူး၊ ပြည်သူဘက်က သုံးယောက်လည်းထိတယ်၊ ညတွင်းချင်းဘဲ ဒဏ်ရာကိုချုပ်ပေးလိုက်တယ်” ဟု ဒေသခံရွားသားတစ်ဦးက ပြောသည်။

 

အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီး ယနေ့တွင် စစ်ကောင်စီတပ်ဖွဲ့များဖက်မှ စစ်ကားလေးစီးနှင့် ရဲကားတစ်စီးရောက်ရှိလာကာ လူနေအိမ်များတွင်လည်း လက်နက်ရှာဖွေမှုများ ပြုလုပ်နေပြီး ဘုန်းကြီးကျောင်းတွင်တပ်စွဲထားကာ ရွာသူရွာသားများလည်း တိမ်းရှောင်နေရကြောင်းသိရသည်။

 

“ကျွန်တော်တို့ ပြည်သူလူထုထဲက ဘာမှမဆိုင်တဲ့ ကလေး ၂ ယောက်ကို ရိုက်ပြီးမှစစ်တယ်၊ ဖမ်းပြီးမှ ရိုက်ပြီးကားတင်သွားတာ အခုကျွန်တော်တို့ရွာဂိတ်ပေါက်မှာ ရောက်နေတယ်လို့ကြားတယ်၊ နောက်တယောက်က လူလတ်ပိုင်းအရွယ် သံတယရှိမှုနဲ့ဖမ်းပြီးတော့ ရိုက်နက်ပြီး မေးမြန်းတယ်၊ အခု ဒီရာသီဥတုက နေကပူတဲ့အထဲ ကျွန်တော်တို့ဖက်မှာ လယ်ပြင်မှာ အကုန်ထွက်ပြီးမှ ရှောင်ပြီးတိမ်းပြီးနေရတဲ့ဘဝရောက်တာပေါ့၊ အဓိက လူငယ်တွေနဲ့ ယောကျားတွေပဲရှောင်နေကြတာပေါ့ သူတို့ကလည်း လက်နက်မရမချင်း မထွက်ဘူးဆိုပြီးမှပေါ့” ဟု တင်သားရွာသားတစ်ဦးက ပြောသည်။

 

တင်သားရွာသည် ကလေးမြို့နှင့်  ၃၆ မိုင်ခန့်ကွာဝေးပြီး မကွေးတိုင်းဒေကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစပ်၊ ချင်းပြည်နယ်အဆုံးတွင်တည်ရှိပြီး အိမ်ခြေ ၁၀၀၀ ကျော်ရှိသည်ဟု သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...