ချင်းပြည်နယ် မင်းတပ်မြို့တွင် ဧပြီ ၂၄ ရက်နေ့ည ၉ နာရီဝန်းကျင်က အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်သားအချို့ဒဏ်ရာရကာ ပြည်သူသုံးဦး ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။
“မနေ့က အပြန်အလှန်ပစ်ကြခတ်ကြတယ်။ စစ်သားတွေဒဏ်ရာရလို့ ဆေးရုံတက်ရတယ်။ စစ်အာဏာသိမ်းမှုကို မကြိုက်တဲ့ပြည်သူတွေနဲ့ ပစ်တာပါ။ ပြည်သူသုံးဦး အဖမ်းခံရတယ်” ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။
မင်းတပ်မြို့ ယမန်နေ့ည ပစ်ခတ်မှုတွင် စစ်ကောင်စီဘက်မှ ဒဏ်ရာရသူများအား ဆေးရုံသို့ပို့ဆောင်ပြီး ဆေးကုသကြောင်းကိုသာသိရပြီး နောက်ဆက်တွဲ မသိရှိရတော့ဘဲ ယနေ့တွင် အခြေအနေငြိမ်သက်လျက်ရှိကြောင်း သိရသည်။
မင်းတပ်မြို့တွင် ယမန်နေ့ နေ့လည်ပိုင်းတွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရအား ထောက်ခံကြောင်း စာရွက်သပိတ်လုပ်ရန် စာကပ်နေသည့် အမျိုးသမီးလေးဦးနှင့် အမျိုးသားသုံးဦး စုစုပေါင်းခုနစ်ဦး အဖမ်းခံခဲ့ရကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၂၃ ရက် ညပိုင်းကလည်း ချင်းပြည်နယ် ဟားခါးမြို့ရှိ ဝန်ကြီးအိမ်ယာတွင် လုံခြုံရေးယူသည့် စစ်ကောင်စီတပ်သားအချင်းချင်းပစ်ခတ်ရာမှ အနည်းဆုံး နှစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့သည်။