စစ်ရေယာဉ်ပေါ်တွင် ဖမ်းဆီးနှိပ်စက်ခံရပြီးနောက် အကြမ်းဖက်မှု ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံထားရသော ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား ငါးဦး၏အမှုအား ယနေ့ရုံးချိန်းတွင် စစ်ဆေးနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
အမှုအား မစစ်ဆေးနိုင်ခြင်းမှာ တရားလိုပြသက်သေဖြစ်သော ပုဏ္ဏားကျွန်း ခမရ- ၅၅၀ က ဗိုလ်မှူးမင်းရှမ်းမွန်မှာ တခြားပြည်နယ်သို့ ပြောင်းရွေ့သွားပြီးဖြစ်သဖြင့် မစစ်ဆေးနိုင်ရခြင်းဖြစ်သည်ဟု အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောသည်။
“ဒီနေ့မှာတော့ ပုဏ္ဏားကျွန်း ခမရ- ၅၅၀ က ဗိုလ်မှူးမင်းရှမ်းမွန်က တခြားပြည်နယ်ထဲကို ပြောင်းသွားတဲ့အတွက်ကြောင့် ဒီကိုလာပြီးတော့ သက်သေလာမခံနိုင်တော့ဘူး။ အဲဒီအတွက်ကြောင့် ကော်မရှင်နဲ့ စစ်ဖို့အတွက်ကို နိုင်ငံတော်ဖက်ကလိုက်ပါဆောင်ရွက်တဲ့ ဥပဒေအရာရှိတွေ၊ နောက်ပြီးတော့ တရားခံဖက်က လိုက်ပါဆောင်ရွက်တဲ့ရှေ့နေတွေက ကော်မရှင်နဲ့ စစ်ဖို့အတွက်ကို မေးခွန်းတွေကို ရေးပြီးတော့ ရုံးမှာတင်ထားတယ်။ အဲဒီမေးခွန်းတွေကို သက်ဆိုင်ရာတရားရုံးကို ပို့ထားတယ်။ အဲဒီ သက်ဆိုင်ရာ တရားရုံးကနေပြီးတော့ သက်သေတွေကို ခေါ်ပြီး စစ်မယ်။ စစ်ပြီးတော့ အဲဒီစစ်ချက်တွေကို စစ်တွေခရိုင်တရားရုံးကို ပြန်ပို့မယ်။ စစ်တွေခရိုင်တရားရုံးကို ပြန်ရောက်တဲ့အခါမှပဲ ကျနော်တို့အမှုတွေကို ဆက်ပြီးတော့ သွားလို့ရမှာပါ” ဟု ပြောသည်။
ရက္ခိုင့်တပ်တော် (AA) ကို အကြမ်းဖက်အဖွဲ့ကနေ ရုပ်သိမ်းလိုက်သည့်အတွက် အကြမ်းဖက်မှုဖြင့် တရားစွဲဆိုထားသော ပုဒ်မများအား ရုပ်သိမ်းပေးရမည်ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောသည်။
“အကြမ်းဖက်အဖွဲ့ကို အကြမ်းဖက်မဟုတ်တော့ဘူးလို့ နိုင်ငံတော်က အမိန့်စာတွေထုတ်ပြီးပြီ။ ထုတ်တဲ့အတွက်ကြောင့် ဒီအမှုတွေကို ကျနော်တို့ ရုပ်သိမ်းရမယ်။ တကယ်လို့ သူတို့ကို တရားစွဲမယ်ဆိုလို့ရှိရင် မကြမ်းဖက်မဟုတ်ဘူး။ မတရားအသင်းဥပဒေနဲ့ တရားစွဲမှာလား။ အသစ်ပဲစွဲတင်ရမယ်။ ဒီအမှုတွေကိုတော့ မလွဲမသွေရုပ်သိမ်းရမှာပါ။ ဒါဥပဒေကြောင်းအရ ပြောတာပါ” ဟုပြောသည်။
ကျောက်ဆိပ်ကျေးရွာမှ ဖမ်းဆီးခံထားရသူ ကိုညီညီအောင်၏မိခင် ဒေါ်နီနီအေးက သူမ၏သားအား အပြစ်မရှိလျှင် ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။
“ကျမသားတို့ကို ဘာကြောင့်အခုလိုမျိုး အချိန်အကြာကြီး အချုပ်ခန်းထဲမှာ ထည့်ထားရသလဲ။ အပြစ်ရှိတယ်ဆိုလိုရှိရင်လည်း ထောင်ချိလိုက်ပေါ့။ အပြစ်မရှိဆိုရင်လည်း လွှတ်ပေးရဖို့ဖြစ်တယ်။ နောက်ပြီးတော့ အကြမ်းဖက်ကိုလည်း ရုပ်သိမ်းလိုက်ပြီဖြစ်တယ်။ ဒါပေမဲ့ ဘာကြောင့် ကျမသားတို့ကို မလွှတ်ပေးရသလဲ။ အဲဒါတွေကို ကျမတို့သိချင်တယ်” ဟု သူမကပြောသည်။
ပြီးခဲ့သော ၂၀၂ဝ ခုနှစ်၊ ဧပြီ ၁၃ ရက်က ကျောက်ဆိပ်ကျေးရွာထဲသို့ ပုဏ္ဏားကျွန်းမြို့ အမှတ် (၅၅၀) တပ်ရင်းက ပစ်လိုက်သော လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲ၍ လူ၈ ဦးသေဆုံးကာ ခုနစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။
၄င်းပြင် ဧပြီ ၁၉ ရက်က တပ်မတော်စစ်ကြောင်းတစ်ခု ရွာထဲသို့ဝင်လာပြီး ကျေးရွာသား ၃၈ ဦးကို ဖမ်းဆီးခေါ်သွားပြီးနောက် ၃၃ ဦးအား ပြန်လည်လွှတ်ပေးကာ ၄င်းတို့ငါးဦးအား ဆက်လက်ဖမ်းဆီးထားခြင်းဖြစ်ပြီး မေလ ၁ဝ ရက်နေ့တွင် သူတို့ ၅ ဦးအား တပ်မတော်သားများက မျက်လုံးကိုအဝတ်ဖြင့်စည်းပြီး နောက်ပြန်ကြိုးတုတ်ကာ စစ်ရေယာဉ်တစ်စီးပေါ်တွင် ညှဉ်းပမ်းနှိပ်စက်နေသည့် ဗီဒီယိုဖိုင်တစ်ခုသည် လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လာခဲ့သည်။
ထို့နောက် မေ ၂၂ ရက်တွင် ၅၅၀ တပ်ရင်းက ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုပြုလုပ်ကာ စစ်တွေခရိုင်တရားရုံးတွင် အကြမ်းဖက်မှုဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က) သူတို့အား တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။