ချင်းပြည်နယ် ဖလမ်းမြို့နယ်နှင့် ချင်းပြည်နယ်ပြင်ပ (ကလေး-ကဘော်ဒေသ) နှင့် နိုင်ငံတကာရှိ ချင်းလူမျိုးများတွေ့ဆုံကာ နိုင်ငံရေးဦးဆောင်အဖွဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် (Chin National Organization) နှင့် ကာကွယ်ရေးတာဝန်ထမ်းဆောင်ရန် ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ (Chin National Defense Force) ကို ၂၀၂၁ ခုနှစ် ဧပြီလ (၁၃) ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း ယနေ့ (ဧပြီ ၂၂ ရက်) နေ့စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
ဖက်ဒရယ်ဒီမိုကရေစီကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး၊ ချင်းအမျိုးသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ရယူရေး၊ ရေရှည်တည်တံ့ပြီး ငြိမ်းချမ်းသောလူ့အဖွဲ့အစည်း တည်ဆောက်ရေးနှင့် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခင်းအကျင်းတွင်ပါဝင်သည့် အဖွဲ့အစည်းများနှင့်အတူ နိုင်ငံရေးသဘောတူညီချက်များကို လက်တွဲအကောင်အထည်ဖော်နိုင်ရေးတို့ကို အဓိကရည်ရွယ်ပြီး ယခုကဲ့သို့ ဖွဲ့စည်းရခြင်းဖြစ်သည်ဟု CNO/CNDF ပြောခွင့်ရပုဂ္ဂိုလ် Salai William Chin ကပြောသည်။
“အဓိကတော့ လွတ်လပ်တဲ့ချင်းပြည်ကြီး ထူထောင်သွားဖို့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ကြိုးပမ်းဆောင်ရွက်သွားမယ်၊ CNO ဆိုတဲ့ဟာက လောလောဆယ် ဖလမ်းမြို့နယ်နဲ့ ဒေသအချို့ကိုဘဲ အခြေပြုထားတယ်၊ နောက်ပိုင်းမှာ တော်လှန်ရေး ဘယ်အဖွဲ့စည်းမဆိုနဲ့ သဘောထားခြင်း မူဝါဒခြင်းတူတဲ့သူနဲ့ ပူးပေါင်းပြီးမှ လှုပ်ရှားသွားဖို့ရှိပါတယ်၊ ချင်းပြည်သူတွေအနေနဲ့ အားပေးကူညီပေးဖို့ ဖိတ်ခေါ်လိုပါတယ်” ဟု Salai William Chin က ပြောသည်။
CNO/CNDF အနေဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှဖွဲ့စည်းလိုက်သော အမျိူးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားနိင်ငံရေးအင်အားစုများ၊ အခြားဒီမိုကရေစီအင်အားစုများ၊ ချင်းနိုင်ငံရေးအစုအဖွဲ့များနှင့်အတူ ပူးပေါင်၍ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ၎င်းတို့ကြေညာချက်တွင် ဖော်ပြထားသည်။
“အခုက အဖွဲ့အစည်းသစ်ရပ်တည်တယ်ဆိုတာက လိုအပ်ချက်အရ ရပ်တည်တာဖြစ်တယ်၊ ကျနော်တို့ရဲ့အစုအဖွဲ့ အရင်ခိုင်အောင်လုပ်ပြီးမှ နောက်ပိုင်း လိုအပ်ရင်လိုအပ်သလို တစ်ခြားအဖွဲ့နဲ့ပေါင်းဖို့ရှိပါတယ်၊ နောက်ပိုင်းမှာ အခြေနေအရ မဟာမိတ်ပုံစံမျိုးမဟုတ်ဘဲနဲ့ ပေါင်းရင်လည်းပေါင်းသွားနိုင်တယ်” ဟု Salai William Chin က ပြောသည်။
ချင်းအမျိုးသားအဖွဲ့ချုပ် CNO သည် စစ်အာဏာရှင်စနစ်ကို နည်းမျိုးစုံဖြင့် ဆန့်ကျင်နေကြသော ပြည်သူလူထုနှင့် ကျဆုံးသွားသော အာဇာနည်များအား လေးစားဂုဏ်ပြုကြောင်း ပြည်သူလူထုတစ်ရပ်လုံးညီညွတ်စွာဖြင့် အတူရပ်တည်ပြီး အာဏာရှင်စနစ်ကို ဆက်လက်ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။