(NUG) သို့ အကြံပြုချက် ၃ရပ်

(NUG) သို့ အကြံပြုချက် ၃ရပ်

မောင်ကျော်စွာ (၂၀၂၁ခုနှစ်၊ ဧပြီလ ၂၁ရက်) - လက်ရှိဖြစ်ပွားနေဆဲ ပြည်သူ့ အရေးတော်ပုံကြီးထဲက ကြီးမားတဲ့ ခြေလှမ်းတစ်ရပ်အဖြစ် (ဧပြီလ ၁၆ ရက်နေ့ မှာ) အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းပေါ်ပေါက်လာခဲ့ပြီ။ ရက်ပိုင်းမျှသာရှိသော ကြားကာလ အစိုးရတစ် ရပ် သို့မဟုတ် တိုက်ပွဲဝင်အစိုးရတစ်ရပ်ကို ဘာလဲ - ဘယ်လဲ စသဖြင့် ခြုံငုံ အကဲဖြတ်ဖို့ စောလွန်းနေပါသေးတယ်။ စုဖွဲ့မှုပုံစံနဲ့ ပါဝင်သူ လူပုဂ္ဂိုလ်အဖွဲ့အစည်းများကို ကြည့်ပြီး ဝေဖန်နေကြတာတော့ တွေ့ရပါတယ်။ ကျနော့်အမြင်မှာ တော့ အင်အားစုများအတွင်း အပြန်အလှန် ညှိနှိုင်းနိုင်မှုရဲ့ ပဏာမရလဒ်တစ်ခုအဖြစ် ပေါ်ထွက်လာတဲ့ အမျိုးသားညီ ညွှတ်ရေးအစိုးရ (NUG)ကို များပြာလှသောစိန်ခေါ်မှုများကို တစ်ပြိုင်နက်ထဲ အသိအမှတ်ပြုရင်း အကောင်းမြင်စိတ်ဖြင့် ခရီးဦး ကြိုဆိုချင်ပါတယ်။

    ထို့အပြင် သဲတစ်ပွင့် - အုတ်တစ်ချပ် သဘော အကြံပြုဆွေးနွေးလိုတာများလည်းရှိပါတယ်။ အကြံပြုချက်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဒုတိယသမ္မတ ဒူဝါလရှီးလရဲ့ မိန့်ခွန်းမှာပါရှိတဲ့  ကြားကာလအစိုးရက လက်တွေ့လုပ် ဆောင်မယ့် အဓိကနိုင်ငံရေးလုပ်ငန်းစဉ် ၂ရပ်ကို အခြေခံပါတယ်။ ဒုတိယသမ္မတမိန့်ခွန်းထဲက အဓိကနိုင်ငံရေးလုပ်ငန်း စဉ် ၂ရပ်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

-    ကြားကာလအစိုးရ၏ ယန္တရားများအား ပြည်သူလူထုအတွင်း လက်တွေ့ အမြစ်တွယ်နိုင်ရန်

-    ကြားကာလအစိုးရအား နိုင်ငံတကာမှ အသိအမှတ်ပြုရန်

အဆိုပါ လုပ်ငန်း ၂ရပ်ကိုကြည့်ပါ။ ကြီးမားကျယ်ပြန့်ပြီး စိန်ခေါ်မှုတွေ များပြားလှတာကို အလွယ်တကူပဲ မြင် နိုင်တွေ့နိုင် သဘောပေါက်နိုင်ပါလိမ့်မယ်။ ဒီလိုပြည်တွင်းပြည်ပ လုပ်ငန်းကြီး ၂ရပ်ကို တစ်လှမ်းပြီးတစ်လှမ်း၊ တစ်ဆင့် ပြီးတစ်ဆင့် အကောင်အထည်ပေါ်လာဖို့ဆိုလျှင် ကျယ်ပြန့်တဲ့အမြော်အမြင်နဲ့ ပျော့ပြောင်းတဲ့သဘောထားတွေကို လက်တွေ့ ကိုင်စွဲကျင့်သုံးကြဖို့ မလွဲမသွေ လိုအပ်ပါတယ်။

ဒါကြောင့် ပထမဆုံးခြေလှမ်းအဖြစ် လှမ်းတဲ့အခါမှာ ‘အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)’ကို ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းသင့်ပါတယ်။ စစ်အာဏာရှင်စနစ် အကုန်အစင်တိုက်ဖျက်ရေး ဒီမိုကရေစီတပ်ပေါင်းစုကြီး သဖွယ် ဖြစ်လာအောင်၊ နိုင်ငံရေးအင်အားစုအားလုံး ပါဝင်လာနိုင်အောင် တိုးချဲ့ဖွဲ့စည်းသင့်ပါတယ်။ ဦးဆောင်မှုနဲ့အဆုံး အဖြတ်ပေးရေးမှာလည်း ‘အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)’ဟာ (CRPH)နဲ့ (NUG)အထက်မှာ ရှိစေသင့်ပါတယ်။ သက်ဆိုင်သူများရဲ့ အကြောင်းအချက် အခြေအနေများကြောင့် လတ်တလောမှာချက်ချင်း မပါဝင် နိုင်သေးသူများ၊ အဖွဲ့အစည်းများအတွက်လည်း အပြန်အလှန်နားလည်မှု အခိုင်အမာရယူထားကာ အတိုင်ပင်ခံကောင် စီရဲ့ တံခါးကို အစဉ် ဖွင့်လှစ်ပေးထားသင့်ပါတယ်။ ဒီအချက်ဟာ ကျနော်ပထမဆုံးပေးလိုတဲ့ အကြံဉာဏ်နဲ့ တာဝန်ရှိ လူကြီးမင်းများ ထည့်သွင်းစဉ်းစားစေလိုတဲ့ ပထမဆုံးအချက်ဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ (CDM) ပြုလုပ်နေတဲ့ ဝန်ထမ်းများ၊ နေ့စဉ်ဆန္ဒပြမှုများမှာ ပါဝင်နေတဲ့ ပြည်သူများ၊ အကြမ်းဖက်စစ်ကောင်စီရဲ့ ခါးပိုက်ဆောင်တပ်များက ပစ်ခတ်သတ်ဖြတ်လို့ ကျဆုံးကြရသူများ၊ ဒဏ်ရာရသူများ၊ ဖမ်း ဆီးထိန်းသိမ်းခံထားသူများ၊ ဝါးရမ်းပြေးအဖြစ် ကြေညာခံထားကြရသူများရဲ့ သက်ဆိုင်ရာမိသားစုဝင်များကို ထိရောက် မြန်ဆန်တဲ့အကူအညီများ ပေးနိုင်ဖို့ဖြစ်ပါတယ်။ ဒါဟာ ဒီကနေ့လှုပ်ရှားမှုကြီးရဲ့ အဓိကဗဟိုချက်နဲ့ မောင်းတန်ပဲ မဟုတ်ပါလား။ ဒီလုပ်ငန်းကို လက်တွေ့ကျကျ ပီပီပြင်ပြင် ဆောင်ရွက်နိုင်မှသာ “ကြားကာလအစိုးရ၏ ယန္တရားများ အား ပြည်သူလူထုအတွင်း လက်တွေ့အမြစ်တွယ်နိုင်ရန်” ဆိုတဲ့ လုပ်ငန်းတာဝန်အတွက် အခြေခံကျသော အာမခံချက် ကို လက်တွေ့ရရှိနိုင်လိမ့်မယ်လို့ ယူဆပါတယ်။ ‘အကူအညီ’ဆိုတဲ့ ကိစ္စထဲမှာ အခြေခံအကျဆုံးကတော့ စားဝတ်နေ ရေးနဲ့ ကျန်းမာဆိုင်ရာကိစ္စများက ရှေ့တန်းက ပါဝင်ပါလိမ့်မယ်။

တတိယအချက်ကတော့ ပြောက်ကျားတပ်ဖွဲ့တွေနဲ့ ပြောက်ကျားအခြေခံဒေသတွေ ဖော်ထုတ်ရေးဖြစ်ပါ တယ်။ လူထုအခြေခံကောင်းတဲ့ ရဲရင့်တက်ကြွပြီး ဒေသရေမြေကျွမ်းကျင်တဲ့ လူငယ်တွေပါဝင်တဲ့ ပြောက်ကျားတပ်ဖွဲ့ တွေ ဖွဲ့စည်းလှုပ်ရှားနိုင်ဖို့ပါ။ ဒါဟာ ကာလတစ်ခု သင်ကြားလေ့ကျင့်ကြရမှာပါ။ လက်ရွေးစင်တွေစေလွှတ်ပြီး လေ့ကျင့်သင်ကြားစေပြီး သူတို့က တဖန် စစ်တိုက်နည်းပညာကို ပြန်လည်သင်ကြားဖြန့်ဖြူးဖို့ပါ။ တာဟန်း - ပင်လည် ဘူး  - တန့်ဆည်နဲ့ မြင်းခြံဘက်က တူးမီးကိုင်သူတွေထံ ခေတ်မီလက်နက်တွေနဲ့ ခေတ်မီလက်နက် ကိုင်တွယ်ပစ်ခတ် နည်းတွေ ရောက်ရှိသွားမယ်ဆိုရင် ပြောင်မြောက်တဲ့ တိုက်ပွဲနဲ့အောင်ပွဲတွေကို ကြားသိလာရမှာပါ။ ထိုသို့သော ပြောက် ကျားတိုက်ပွဲများနဲ့ (EAOs)များရဲ့ ‘တိုက်ပွဲကြီး/ငယ်များ’ကို ဒေသအခြေအနေမျိုးမျိုးရဲ့ အနေအထားကိုဆုပ်ကိုင်ပြီး အပြန်အလှန် ပေါင်းစပ်နိုင်မယ်ဆိုရင် ၇၆နှစ်ကြာ ပျက်စီးယိုယွင်းနေတဲ့ ခါးပိုက်ဆောင်တပ်ကြီးဟာ အပိုင်းပိုင်းပြိုကွဲ လာမှာ သေချာပါတယ်။

ဒုတိယအချက်နဲ့ တတိယအချက်ဟာ အပြန်အလှန် ဆက်စပ်အကျိုးပြုနေပါတယ်။ မြို့ပေါ်က (CDM)လှုပ်ရှား မှုနဲ့ ဆန္ဒပြပွဲတွေဟာ ကျေးလက်မြစ်ဝှမ်းနဲ့တောင်ပေါ်က ပြောက်ကျားစစ်ပွဲတွေ၊ (EAOs) တွေရဲ့ တိုက်ပွဲကြီး/ငယ်တွေ နဲ့ အပြန်ပြန်အလှန်လှန် ပေါင်းစပ်ချိတ်ဆက်လှုပ်ရှားနိုင်မှုကြောင့် အုပ်စိုးသူအကြမ်းဖက်စစ်ကောင်စီရဲ့ ခါးပိုက်ဆောင် တပ်တွေကို အရူးမီးဝိုင်းသလို ဗျာများစေပါလိမ့်မယ်။ ထို့အပြင် သက်ဆိုင်ရာ ဒေသခံပြည်သူလူထုရဲ့ ထောက်ခံမှု အပြည့်အဝ ရရှိလာတာမို့ နယ်မြေကျွမ်းကျင်မှု၊ ရန်သူလှုပ်ရှားမှုသတင်းရရှိမှုနဲ့ စားနပ်ရိက္ခာ ကိစ္စတွေကို အလွယ်တကူ ဖြေရှင်းလာနိုင်ပါလိမ့်မယ်။

အလျင်အမြန်စုစည်းပြီး ရန်သူကို တစ်ဟုန်ထိုးတိုက်ခိုက်၊ အလျင်အမြန် ဖြန့်ခွဲ ကိုယ်ယောင်ဖျောက်သွားကြတဲ့ ပြောက်ကျားတပ်ဖွဲ့တွေကို ဘယ်လိုအမြောက်ကြီးတွေ၊ ဘယ်လိုတင့်ကားတွေ၊ ဘယ်လိုတိုက်လေယာဉ်ပျံတွေနဲ့ ပစ်ခတ်တိုက်ခိုက်ဗုံးကြဲနိုင်မှာလဲ။ (EAOs) တွေရဲ့ အထိုင်စခန်းတွေ ဒေသတွေကို ထိုးစစ်ဆင်ဖို့သွားတဲ့ ယာဉ်တန်းတွေ၊ ရိက္ခာပို့ယာဉ်တန်းတွေ၊ လက်နက်ခဲယမ်းပို့တဲ့ယာဉ်တန်းတွေကို ဒေသအသီးသီးမှာ အခြေခံထားတဲ့ ပြောက်ကျားတပ် ဖွဲ့တွေက ပြည်သူလူထုအကူအညီနဲ့ အလစ်အငိုက်တိုက်ခိုက် ဖောက်ခွဲ နှောက်ယှက်ပစ်ခတ်နိုင်မှာလည်းဖြစ်ပါတယ်။

သို့ပါ၍

-    အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို ကျယ်ကျယ်ပြန့်ပြန့်ဖွဲ့စည်းရေး

-    (CDM) ပြုလုပ်နေတဲ့ ဝန်ထမ်းများနဲ့ နေ့စဉ် ဆန္ဒပြနေတဲ့ ပြည်သူများကို ထိထိရောက်ရောက် ကူညီရေး

-    ပြောက်ကျားတပ်ဖွဲ့များနဲ့ ပြောက်ကျားအခြေခံဒေသများ ဖော်ထုတ်ရေး

အကြံပြုချက် ၃ချက်ကိုသာ အဆက်အစပ်ရှိရှိ လက်တွေ့ကျကျလုပ်ဆောင် အကောင်အထည်ဖော်နိုင်ကြမယ် ဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဟာ ဒုတိယသမ္မတ ဒူဝါလရှီးလ မိန့်ခွန်းမှာပါရှိတဲ့ “တိုက်ပွဲဝင် အစိုးရ”တစ် ရပ်အဖြစ် တကယ့်ကို ပီပီပြင်ပြင်ပုံပေါ်လာလိမ့်မယ်လို့ မျှော်လင့်ယုံကြည်မိပါတယ်။

July 1, 2024
အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်ပြည်နယ် ယူတီကာမြို့နယ်တွင် ဇွန်လ ၂၈ ရက်နေ့ညက ဒုက္ခသည်စခန်းမှတဆင့်...
July 1, 2024
မြဝတီမြို့သို့ စစ်ကြောင်းထိုးတက်လာသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေးတပ်များသည် မြဝတီ အာရှလမ်းသစ်...
July 1, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်ရှိ ကရင်အမျိုး...
June 28, 2024
ချင်းပြည်နယ် ဟားခါးမြို့ ၊ မြို့သစ်ရပ်ကွက်အတွင်း လူ (၅) ဦးထက်ပိုမစုရအမိန့်ကို စစ်ကောင်စီက...