ဒုဝန်ကြီး နော်ထူးဖောနှင့် မေးမြန်းခြင်း

ဒုဝန်ကြီး နော်ထူးဖောနှင့် မေးမြန်းခြင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က ဧပြီ ၁၆ ရက်နေ့တွင် ဖွဲ့စည်းလိုက်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တ ရာယ်စီမံ ခန့်ခွဲရေးဝန်ကြီးဌာန ဒုဝန်ကြီး နော်ထူးဖောအား ကေအိုင်စီ -ကရင်သတင်းဌာနက မေးမြန်းထားသည် ။

မေး ။ ။ အခုလို တာဝန်ပေးခံရလာမှုအပေါ် ဘယ်လို ခံယူပါသလဲ။

မြန်မာနိုင်ငံမှာခေတ်အဆက်ဆက်က စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်အုပ်ချုပ်မှုကြောင့် နှစ်ပေါင်း (၇၀) ကျော် တိုင်းရင်းသားဒေသတွေမှာ ပြည်တွင်းဒုက္ခသည်အဖြစ်နဲ့သာမကပဲ အိမ်နီးချင်းနိုင်ငံတွေမှာ ဒုက္ခသည်အဖြစ်နဲ့ ခိုလှုံနေရတယ်။ အခုအချိန်မှာလည်း စစ်ကောင်စီအုပ်စုက ပြည်တွင်း၊ မြို့ရွာတွေမှာရော၊ စစ်ပဋိပက္ခဖြစ်တဲ့ တိုင်းရင်းသားဒေသတွေမှာပါ လူသားမဆန်တဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို လွတ်လွတ်လပ်လပ် အထိန်းအချုပ်မဲ့ ကျူးလွန်နေတဲ့အတွက် ထောင်ပေါင်း များစွာရှိတဲ့ လူထုတွေက လူသားချင်းဆိုင်ရာ ကူညီထောက်ပံ့မှုတွေ အရေးတကြီးလို အပ်နေပါတယ်။  အဲလိုလိုအပ်နေတဲ့ အကူအညီတွေကို ကျမတို့ NUG အစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက လုပ်ဆောင်ရမှာဖြစ်တယ်။ အဲဒီတော့အခုလိုနိုင်ငံအတွက်အရေးကြီးတဲ့အချိန်မှာ ဒီဝန်ကြီးဌာနမှာ တာဝန်ပေးခံရတဲ့အတွက် အများကြီးဝမ်းသာဂုဏ်ယူမိပါတယ်။

မေး။ ။ လက်ရှိအခြေအနေအရ မိမိအနေနဲ့ရော ဌာနအနေနဲ့ပါ ဘာတွေလုပ်ဆောင်နေပြီလဲ။ ပြီးတော့ ဘာတွေ ဆက်လက်လုပ်ဆောင်သွားဖို့ရှိလဲ။

ကျမတို့အနေနဲ့လူသားချင်းဆိုင်ရာလိုအပ်နေတဲ့အကူအညီတွေကိုကဏ္ဍအလိုက်ကူညီထောက်ပံ့နိုင်ဖို့ပြင်ဆင်ထားပါတယ်။ အဲဒီထဲမှာ ပြည်တွင်းစစ်ဘေးရှောင်နဲ့ဒုက္ခသည်၊ CDM လုပ်ဆောင်နေတဲ့ဝန်ထမ်းတွေ၊ မတရားဖမ်းဆီးချုပ်နှောင်ခြင်းခံရတဲ့သူ၊ လက်ရှိဆန္ဒပြတဲ့သူတွေ၊ သာမန်ပြည်သူလက်လုပ်စားအတွေအတွက်ပါမယ်။

မေး။ ။ ကရင်အပါအဝင် တိုင်းရင်းသားဒေသတွေမှာ လူသားချင်း စာနာထောက်ထားမှုအပိုင်းတွေနဲ့ ပတ်သက်ပြီး ဘယ်လိုချိတ်ဆက်လုပ်ဆောင်သွားဖို့ရှိလဲ။ ဘယ်လိုအစီအစဉ်တွေရှိလဲ။

တိုင်းရင်းသားဒေသအသီးသီးတွေမှာ အုပ်ချုပ်ရေးယန္တရားရှိထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်းအဖွဲ့အစည်းတွေနဲ့ရော၊ အရပ်ဖက်အဖွဲ့ (CBOs/CSOs)  Women (အမျိုးသမီး)၊Youth (လူငယ်) အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး International Humanitarian Law (နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ) စံချိန်စံနှုန်းတွေနဲ့အညီ လူထုတွေဆီ ကူညီထောက်ပံ့မှုတွေကို ပေးနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားပါမယ်။ အဲလို လုပ်ဆောင်တဲ့နေရာ Do No Harm (ထိခိုက်နစ်နာမှုကင်းစွာ) မူကို လက်ကိုင်ပြီး Participatory Approach (ပူးပေါင်းပါဝင်ခြင်း ချဉ်းကပ်မှုပုံစံ) နဲ့ထိထိရောက်လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါတယ်။

အဲဒီ ချဉ်းကပ်မှုအတိုင်း အခုကျမတို့ တလအတွင်း လုပ်ဆောင်မယ့်လုပ်ငန်းစဉ်ထဲမှာ တိုင်းရင်းသားဒေသအသီးသီးနဲ့ နယ်စပ်ဒေသအသီးသီးတွေမှာ လူသားချင်း စာနာထောက်ထားမှုအကူအညီအထောက်အပံ့ပေးနေတဲ့အဖွဲ့အစည်းတွေနဲ့တွေ့ဆုံမှုပြုလုပ်ဖို့ရှိပါတယ်။ သူတို့နဲ့တိုင်ပင်ဆွေးနွေးပြီး အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်မယ့်နည်းလမ်းတွေကို ဆွေးနွေးပါမယ်။ အဲဒီကမှတဆင့် လူထုတွေဆီကို ထိထိရောက်ရောက်အကူအညီပေးနိုင်ဖို့ စီစဉ်ထားပါတယ်။

မေး။ ။ NUG အစိုးရက ကြားဖြတ်အစိုးရတစ်ရပ်ဖြစ်တဲ့အတွက် စိန်ခေါ်မှုနဲ့ကန့်သတ်မှုတွေက ဘာတွေရှိမလဲ။

အကြီးမားဆုံးအခက်အခဲကတော့ လုံခြုံရေးဖြစ်ပါတယ်။ ပြည်တွင်းမှာ စစ်ဘေးရှောင်တွေကို သွားပြီးအကူအညီပေးဖို့အတွက် လုံခြုံရေးအရ ထိုးဖောက်လို့မရတဲ့စိန်ခေါ်မှုတွေရှိတယ်။ စစ်ဘေးရှောင်တွေက နယ်စပ်ကိုဖြတ်ကျော်ဖို့အတွက်လည်း သက်ဆိုင်ရာ အိမ်နီးချင်း အစိုးရတွေက ခွင့်မပြုတဲ့အတွက် နယ်စပ်ဖြတ်လို့မရပါဘူး။ အဲဒါတွေက တော့ စစ်ဘေးရှောင်တွေအတွက် အကြီးမားဆုံးစိန်ခေါ်မှုတွေပါ။ နောက်ပြီး ပြည်တွင်းမှာ CDM လုပ်နေတဲ့သူတွေအတွက်ရော၊ ဆန္ဒပြတဲ့သူတွေအတွက်ရော၊ ဖမ်းဆီးခံရတဲ့သူတွေအတွက် အကူအညီပေးဖို့ကျတော့ ငွေလွဲဖို့အခက်အခဲအကြီးမားဆုံးစိန်ခေါ်မှုဖြစ်ပါတယ်။

မေး ။ ။  လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာန ရဲ့ ဌာန လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာတွေနဲ့ ဘယ်လိုချိတ်ဆက်လုပ်ဆောင်သွားမလဲ။

ကျမတို့အနေနဲ့အဓိကတော့ UN အဖွဲ့အစည်းတွေအပါဝင်၊ မြန်မာနိုင်ငံကို အကူအညီပေးအပ်နေတဲ့ သက်ဆိုင်ရာအစိုးရအဖွဲ့တွေရော၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ ရော စစ်ကောင်စီအုပ်စုနဲ့ အသိအမှတ်မပြုဖို့နဲ့ လူသားချင်းဆိုင် ရာစာနာထောက်ထားမှုအပါအဝင် မည်သည့် ပူးပေါင်းပါဝင်မှုမှမလုပ်ဖို့ကို စည်းရုံးလှုံ့ဆော်ပါမယ်။  

သက်ဆိုင်ရာနိုင်ငံတကာအစိုးရနဲ့ ရံပုံငွေထောက်ပံ့တဲ့အဖွဲ့အစည်းတွေက Cross Border Humanitarian Assistance ( နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်မှုအကူအညီ) ပေးဖု့ိ ဆက်လက်စည်းရုံးလုပ်ဆောင်ဖို့ ပြင်ဆင်ထားပါတယ်။ လက်ရှိမှာ Cross Border Humanitarian Assistance ပေးထားပြီးသားအစိုးရတွေရှိတယ်။ Cross Border Humanitarian Assistance မပေးသေးတဲ့အစိုးရတွေလည်းရှိတယ်။ အဲဒီတော့ Cross Border Humanitarian ကိုလက်ရှိပြီးပေးနေတဲ့အစိုးရတွေက ဆက်လက်ပေးဖို့နဲ့ မပေးရသေးတဲ့ အစိုးရတွေကလည်းပေးဖို့အတွက် စည်းရုံး လှုံ့ဆော်မှုတွေပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ နိုင်ငံတကာအစိုးရ၊ အသိုင်းတွေအနေနဲ့ စစ်ကောင်စီကိုအသိအမှတ်မပြုဖို့နဲ့ လူသားချင်းစာနာထောက်ထားရေးအပါအဝင် မည်သည့် ပူးပေါင်းဆောင်ရွက်မှုမလုပ်ဖို့ အတွက် စည်းရုံးလှုံ့ဆော်သွားပါမယ်။

မေး။ ။  လတ်တလောအခြေအနေအရ လူသားချင်းစာနာထောက်ထားမှုရော၊ သဘာ ဝဘေးအန္တရာယ်ဆိုင်ရာရောကြည့်ရင် ဆန္ဒပြ ပြည်သူ၊ စစ်ဘေးရှောင်အပြင် ကိုဗစ်ကပ်ရောဂါ ကလည်း ရှိနေတဲ့အပေါ် ဘယ်လိုဦးစားလုပ်ဆောင်မှုတွေ လုပ်သွားမလဲ။

အားလုံးက ချက်ချင်းအလေးထားဆောင်ရွက်ရမယ့်အရေးကြီးကိစ္စတွေပဲဖြစ်တယ်။ ဆန္̔ဒပြည် သူတွေရော၊ စစ်ဘေးရှောင်အတွက်ရော၊ ကိုဗစ်အတွက်ရော အတတ်နိုင်ဆုံး နည်းလမ်းတွေရှာပြီး အထိရောက်ဆုံးကူညီထောက်ပံ့နိုင်ဖို့ ကြိုးစားလုပ်ဆောင်နေပါတယ်။

Most read this week

July 1, 2024
အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်ပြည်နယ် ယူတီကာမြို့နယ်တွင် ဇွန်လ ၂၈ ရက်နေ့ညက ဒုက္ခသည်စခန်းမှတဆင့်...
July 1, 2024
မြဝတီမြို့သို့ စစ်ကြောင်းထိုးတက်လာသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေးတပ်များသည် မြဝတီ အာရှလမ်းသစ်...
July 1, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်ရှိ ကရင်အမျိုး...
June 28, 2024
ချင်းပြည်နယ် ဟားခါးမြို့ ၊ မြို့သစ်ရပ်ကွက်အတွင်း လူ (၅) ဦးထက်ပိုမစုရအမိန့်ကို စစ်ကောင်စီက...