ပြည်ထောင်စု မြန်မာနိုင်ငံတွင် စစ်ကောင်စီမှ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် အာဏာသိမ်းခြင်းဖြင့် အမှောင်ခေတ်သို့ ပြန်လည်ရောက်ရှိခဲ့ရသည်။ စစ်အာဏာရှင်စနစ်ကို မနှစ်မြို့သော ပြည်သူလူထုများမှ ဆန့်ကျင်ကန့်ကွက်မှုများကြောင့် နှစ်လကျော်အတွင်း ဧပြီလ ၁၇ ရက်နေ့တိုင်အောင် ကျဆုံးသူ (၇၀၀) ကျော်၊ ဖမ်းဆီးခံရသူ ၃၀၀၀ ကျော်နှင့် ဖမ်းဝရမ်းအထုတ်ခံံရသူ ၈၀၀ ကျော် ရှိပြီဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရပြီး ၄ နှစ်ကျော် အစိုးရတာဝန်ထမ်းဆောင်နိုင်ခဲ့ကာ၊ ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ထပ်မံအနိုင်ရရှိခဲ့ပြန်သည်။ ထိုသို့လူထုမှ အပ်နှင်းထားသော လူထုအာဏာအပြည့်အဝဖြင့် လွှတ်တော်ကိုယ်စားလှယ်များမှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အားဖွဲ့စည်းကာ၊ ထိုမှတင့် အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government) အားလည်း ထပ်မံဖွဲ့စည်းနိုင်ပြီဖြစ်သည်။ ထိုအမျိုးသားညီညွတ်ရေးအစိုးရ (NUG) တွင် ချင်းအမျိုးသားများဖြစ်ကြသော ဒေါက်တာဆလိုင်းလျန်မှူန်းဆာခေါင်းမှ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးအဖြစ်နှင့် ဒေါက်တာဆာဆာမှ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးများဖြစ်လာကြပြီး၊ သူတို့အပါအဝင် လူပုဂိုလ် (၂၇) ဦးဖြင့် NUG အစိုးရအဖွဲ့အား ဖွဲ့စည်းလိုက်နိုင်ပြီဖြစ်သည်။ ထိုသူများထဲမှ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသော ၂၀၀၈ ခုနှစ်၏ Martin Luther King Jr. Peace Award ဆုရှင်လည်းဖြစ်သူ၊ ဒေါက်တာဆလိုင်းလျန်မှူန်းဆာခေါင်း၏ ဘဝဖြတ်သန်းမှုအား ဖော်ပြရပါသည်။
ဆလိုင်းလျန်မှူန်းသည် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ Aibur ရွာတွင် ၁၉၆၀၊ မတ်လ ၂ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ လူမျိုးစုပေါင်းများစွာဖြင့်ဖွဲ့စည်းထားသော မြန်မာနိုင်ငံတွင် ဒီမိုကရေစီနစ်ဖြင့်သာ အုပ်ချုပ်ခြင်းသည် အဖြေမှန်မဟုတ်ဟု ထိုစဉ်က ဖဆပလအစိုးရအဖွဲ့မှလည်း သဘောတူကာ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတည်ထောင်နိုင်ရေးအတွက် ရန်ကုန်မြို့တွင် တိုင်းရင်းသားလူမျိုးများဆွေးနွေးနေကြစဉ် သူ၏ ၂ နှစ်ပြည့်မြောက်နေ့မွေးနေ့တွင်ဗိုလ်နေဝင်းမှ မြန်မာနိုင်ငံအား တိုင်းပြည်ပြိုကွဲရန်ဘေးမှ ကယ်တင်ရန်ဟု အကြောင်းပြကာ အာဏာသိမ်းခဲ့သည်။ ဆလိုင်းလျန်မှူန်းသည် ပညာရည်ထူးချွန်သူတဦးဖြစ်ကာ ရန်ကုန်တက္ကသိုလ်မှ သမိုင်းဘာသာအဓိကဖြင့် မဟာဘွဲ့ရရှိနိုင်ခဲ့ပြီး၊ ထိုနည်းတူစွာ မြန်မာနိုင်ငံဓမ္မတက္ကသိုလ် (Burma Institute of Theology) ယခု MIT အင်းစိန်မှ Bachelor of Divinity (B.D) ဘွဲ့အားလည်း ရရှိနိုင်ကာ၊ ၂၀၀၀ ခုနှစ်တွင် ဆွီဒင်နိုင်ငံ Uppsala University မှ ပါရဂူဘွဲ့လည်း ရရှိနိုင်ခဲ့သူဖြစ်သည်။
ဆလိုင်းလျန်မှူန်းသည် တက္ကသိုလ်ကျောင်းသားဘဝတွင် ချင်းကျောင်းသားလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့သလို၊ ၁၉၈၀-၈၁ ခုနှစ်၏ ခစယ (ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ- တက္ကသိုလ်များရန်ကုန်)တွင် အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်ခြင်းခံရသည်။ ထိုနည်းတူစွာ ၈၈၈၈ အရေးတော်ပုံကြီးတွင် ရန်ကုန်မြို့တွင် ပေါက်ဖွားလာရသော ချင်းအမျိုးသားသွေးစည်းညီညွတ်ရေးအဖွဲ့ (CNU) တွင်လည်း ပူးနန်းလျန်းထန်၊ ဆလိုင်းရမ်လိန်မှူန်းအစရှိသူတို့နှင့်အတူ တက်ကြွစွာပါဝင်လှုပ်ရှားခဲ့ကာ၊ နောက်ပိုင်းတွင် ဖွဲ့စည်းခဲ့သော ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) တွင် ဒုဥက္ကဌဖြစ်လာခဲ့သည်။ ယင်းနောက်- တိုင်းရင်းသားနိုင်ငံရေးပါတီများစုပေါင်းကာ မဟာမိတ်ဖွဲ့စည်းထားသော ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ် (UNLD) တွင်လည်း အတွင်းရေးမှူးအဖွဲ့ဝင်တဦးဖြစ်ကာ၊ UNLD-NLD တို့၏ ပူးပေါင်းကြေငြာချက်ဖြစ်သော "ဗိုလ်အောင်ကျော်လမ်းကြေငြာချက်" ဖြင့် အတူတကွ လက်တွဲကာ လုပ်ဆောင်ခဲ့ကြသည်။
ယင်းနောက် လွတ်မြောက်နယ်မြေသို့ ရောက်ရှိခဲ့ပြီး၊ CNLD-Exile၊ UNLD-Exile နှင့် တိုင်းရင်းသားလူမျိုးများကောင်စီ (ENC)တို့တွင် အထွေထွေအတွင်းရေးမှူးအဖြစ်၄င်း၊ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လော်ခီးလာ၌ လွတ်မြောက်နယ်မြေနှင့် ပြည်တွင်းကိုယ်စားလှယ်များသဘောတူခဲ့သော FCDCC ဟုခေါ်သည့် Federal Constitution Drafting and Coordinating Committee (FCDCC) ဖက်ဒရယ်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲမှုတို့တွင်လည်း တက်ကြွစွာ ဦးဆောင်ပါဝင်ခဲ့သူဖြစ်သည်။ ထိုနည်းတူစွာ Chin Forum၊ Chin National Council တို့တွင်လည်း ပါဝင်ခဲ့သလို၊ နောက်ပိုင်းတွင် ချင်းအမျိုးသားတပ်ဦး (CNF) သို့ဝင်ရောက်ကာ၊ သမ္မတဦးသိန်းစိန်ခေတ်မှစတင်ကာ တလျှောက်လုံး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပါဝင်ခဲ့သူဖြစ်သည်။ နောက်ဆုံးအနေနဲ့ UPDJC (Union Peace and Dialouge Joint Committee) တွင် ဒုဥက္ကဌအဖြစ် ဦးဆောင်ပါဝင်ခဲ့သူဖြစ်သည်။
သူသည် စာပေမြတ်နိုးသူဖြစ်သည့်အလျှောက် လွတ်မြောက်နယ်မြေတွင် ရှိစဉ်ကလည်း Peaceful Co-existence: Towards Federal Union of Burma (ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဝါဒမှသည် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်ဆီသို့) ဟူသော ခေါင်းစဉ်ဖြင့် စာအုပ်များကိုလည်း စီးရီး များစွာထုတ်ဝေခဲ့သလို၊ တိုင်းရင်းသားနိုင်ငံရေးအထင်ကရပုဂိုလ်များ၏ ဘဝအတ္ထုပ္ပတိများကိုလည်း သူဦးဆောင်သော Center for Development and Ethnic Studies (CDES) မှလည်း ထုတ်ဝေခဲ့လေသည်။
ဒေါက်တာဆလိုင်းလျန်မှူန်းဆာခေါင်းသည် ၈၈ အရေးတော်ပုံကြီးမှ စတင်ကာ မြန်မာနိုင်ငံဖက်ဒရယ်အရေးအတွက် တစိုက်မတ်မတ်ရပ်တည်ကာ လှုပ်ရှားဆောင်ရွက်နေသူ၊ မရပ်မနားလှုပ်ရှားနေသူတဦးဖြစ်သည်။ ဘဝတလျှောက်လုံးအား ထိုအချင်းအရာအတွက် ပေးဆပ်ကာ၊ မိသားစုအား အချိန်ပေးနိုင်မှုအားနည်းကာ ထိုင်း-မြန်မာနယ်စပ်၊ အိန္ဒိယ-မြန်မာ နယ်စပ်နှင့် ပြည်တွင်းများတွင် အချိန်ပိုပေးပြီး ဖက်ဒရယ်အရေးကို စိတ်လက်ကိုယ်ပါလှုပ်ရှားနေသူတဦးဖြစ်သည်။ စာပေအရေးအသားကောင်းသူ၊ အပြောအဟောကောင်းသူ၊ ဖက်ဒရမယ် မာရသွန်ခရီးရှည်အတွက် အမောခံနိုင်သူဖြစ်သည်ဟု မှတ်ချက်ချနိုင်သည်။
ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံရေးပြသနာအား ဖြေရှင်းရာတွင် ဖက်ဒရယ်စနစ်ကို အဓိကအခြေပြုပြီး ကြိုးစားဆောင်ရွက်မှသာလျှင် ရရှိလာမည့် ဒီမိုကရေစီသည်လည်း ခိုင်မာမည်ဖြစ်သည်။ သို့မဟုတ်ပါက ၁၉၄၈-၆၂ တိုင် ဒီမိုကရေစီနိုင်ငံဖြစ်ခဲ့သော်လည်း ဖက်ဒရယ်စနစ်မရှိခဲ့ခြင်းကြောင့် တိုင်းပြည် ငြိမ်းချမ်းရေး မဖော်ဆောင်နိုင်ခဲ့သည်ကို သတိချပ်မိကြမည်ဖြစ်သည်။ CRPH မှ ဖွဲ့စည်းလိုက်သော NUG အစိုးရအဖွဲ့သည် ပြည်တွင်းပြည်ပ ပြည်သူလူထုတရပ်လုံးမှ တခဲနက်အားပေးထောက်ခံရပ်တည်ပေးနေကြသလို၊ စိန်ခေါ်ချက်များစွာ ရှိလင့်ကစား အနာဂတ်မြန်မာနိုင်ငံ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ်ရရှိရန်အတွက် ခြေလှမ်းမှန်မှန်နှင့် အားသွန်ခွန်စိုက် ခရီးနှင်ရပါတော့မည်။ ကျွန်ုပ်တို့အားလုံးသည် ဖက်ဒရယ်အပြေးသမားများ၊ ခရီးသည်များ ဖြစ်ကြပါသည်။