ဝန်ကြီးချုပ်ဟောင်းဦးညီပုအမှု တရားလိုပြသက်သေကို အွန်လိုင်းဖြင့် ရုံးထုတ်စစ်ဆေး

ဝန်ကြီးချုပ်ဟောင်းဦးညီပုအမှု တရားလိုပြသက်သေကို အွန်လိုင်းဖြင့် ရုံးထုတ်စစ်ဆေး
by -
ထွန်းခိုင် (နိရဥ္စရာ)

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏အမှုမှ တရားလိုပြသက်သေကို ယနေ့ (ဧပြီ ၂၁ ရက်) နံနက်က စစ်တွေမြို့နယ် တရားရုံးတွင်အွန်လိုင်းစနစ်ဖြင့် စစ်ဆေးခဲ့ကြောင်း သိရသည်။

 

တရားလိုပြသက်သေဖြစ်သည့် စစ်တွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဒု-ဦးစီးဦးဝင်းမောင်ကို ဗီဒီယိုအွန်လိုင်းဖြင့် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း ဦးညီပု၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးမျိုးမြတ်ဟိန်း (ခ) ဦးငြိမ်းချမ်းက ပြောသည်။

 

သို့သော်လည်း ဦးညီပုနှင့် လွတ်လပ်စွာတွေ့ဆုံဆွေးနွေးခွင့်ကို မရရှိသေးကြောင်းနှင့် ဦးညီပုနှင့် လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးခွင့်မရသရွေ့ တရားခွင်တွင် တစ်စုံတစ်ရာ အပြန်အလှန် မေးခွန်းထုတ်သွားမည်မဟုတ်ကြောင်း သူက ဆက်လက်ပြောဆိုသည်။

 

“ကျွန်တော်တို့ဘက်ကတော့ ဘာမှမပြောချင်ဘူး။ ရှေ့နေနဲ့အမှုသည် ဥပဒေနဲ့အညီတွေ့ရမှ ဆက်စစ်သွားမယ်။ ကျွန်တော်တို့ဖက်ကတော့ တစ်ခုမှ မမေးသေးဘူး။ သူတို့စစ်ရင်လည်းစစ်ပေါ့။ ကျွန်တော်တို့မှာ အမှုစစ်တာကို ကန့်ကွက်ခွင့်မရှိဘူး။ သို့သော်ကျွန်တော်တို့ဟာ ပြန်လှန်မေးခွန်း မမေးဘူးပေါ့” ဟု ၎င်းကပြောသည်။

 

ပြီးခဲ့သည့် ရုံးချိန်းဖြစ်သော ဧပြီ ၇ ရက်ကလည်း နိုင်ငံသားတစ်ဦးအခွင့်အရေးအရ ဦးညီပုနှင့် ရှေ့နေဖြစ်သူတို့ လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးခွင့်ရရန် တောင်းဆိုခဲ့သော်လည်း တရားရုံးမှ ပယ်ချခဲ့ကြောင်း ဦးညီပု၏ နောက်ထပ်ရှေ့နေတစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက ပြောသည်။

 

“ဦးညီပုကို ဗွီဒီယိုအွန်လိုင်းကတွေ့ရပေမယ့် အနားမှာ လူတွေအများကြီးရှိတယ်။ နောက်ပြီး လုံခြုံတဲ့နေရာမဟုတ်ဘူး။ ဒါကြောင့်လည်း ကျွန်တော်တို့ မပြောဘူးပေါ့။ ဥပဒေမှာလည်း မရှိဘူးလေ” ဟု ရှေ့နေ ဦးအောင်စစ်မင်းက ပြောသည်။

 

ဦညီပုမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅ဝ၅ (ခ) ဖြင့် အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။

 

၄င်းအား လွန်ခဲ့သည့်ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ ညအချိန်တွင် တပ်မတော်သားများက ဂွမြို့ရှိ ၄င်း၏နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

လက်ရှိ ဦးညီပုရင်ဆိုင်နေရသည့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ)မှာ ထောင်ဒဏ်နှစ်နှစ်ထိ ချမှတ်နိုင်သည့် ပုဒ်မတစ်ခုဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...