မြစ်ကြီးနားတက္ကသိုလ် သမိုင်းအထူးပြု ဒုတိယနှစ် ဂုဏ်ထူးတန်းကျောင်းသား ကိုမျိုးထက်နိုင်လင်းအား ယနေ့နံနက် ၆ နာရီဝန်းကျင်တွင် ၎င်းနေထိုင်သည့် ရှမ်းစုတောင် ကွန်ပျူတာတက္ကသိုလ်ဝန်ထမ်းအိမ်ယာ၌ လာရောက်ဖမ်းဆီးသွားကြောင်း မိသားစုများထံမှ သိရသည်။
“မနက်အစောကြီး အိမ်စီးကားခြောက်စီး ၊ရဲကားနှစ်စီးနဲ့ ရောက်လာပြီးတော့ သူအိပ်နေတဲ့အခန်းကနေ လက်ထိပ်ခတ်ပြီး လာဖမ်းသွားပါတယ်” ဟု ၎င်း၏မိသားစုဝင်တစ်ဦးက ပြောသည်။
ဖမ်းဆီးခံသွားရသည့် ကိုမျိုးထက်နိုင်လင်းအား မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း တိတိကျကျ မသိရသေးသော်လည်း ဖမ်းဆီးခံရပြီးနောက် ဖုန်းဆက်သွယ်လာကြောင်း သိရသည်။
"ဖုန်းတစ်ခါဆက်တယ်။ ရဲစခန်းမှာတော့ မဟုတ်ဘူးလို့ပြောတယ်။ အနားမှာ ရဲတွေရှိနေလို့ထင်တယ် မစိုးရိမ်နဲ့ဘဲပြောပြီး ဖုန်းချသွားတယ်” ဟု ၎င်းကပြောသည်။
ဖမ်းဆီးခံရသည့် ကိုမျိုးထက်နိုင်လင်းသည် စစ်အာဏာသိမ်းသည့်နောက် မြစ်ကြီးနားမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် လူငယ်တစ်ဦးအနေဖြင့် ပါဝင်ခဲ့သူဖြစ်သည်။
ယခုရက်ပိုင်း မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များတွင် ရဲနှင့်စစ်သားများက နေအိမ်များအထိ လိုက်လံဖမ်းဆီးမှုများရှိနေကြောင်းလည်း သိရသည်။
Published
Wednesday, April 21, 2021
မြစ်ကြီးနားမြို့ စစ်အာဏာသိမ်းဆန့်ကျင်ရေးသပိတ်တွင် ပါဝင်သူတစ်ဦး ဖမ်းဆီးခံရ