အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တိုင်ရင်းသားလူမျိုးစုများဖြင့် လိုအပ်သလို ဆက်လက်တိုးချဲ့ဖွဲ့စည်းသွားမည်ဟု ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ပြောသည်။
CRPH မှ ကြားကာလ အမျိုးသားညီညွှတ်ရေးအစိုးရကို ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေညာသည့်နေ့ ဧပြီလ ၁၆ ရက်နေ့တစ်ရက်တည်းတွင်ပင် ထိုကဲ့သို့ ထပ်မံထုတ်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။
၎င်းတို့၏ ထုတ်ပြန်ချက်အရ “အမျိုးသားညီညွတ်ရေးအစိုးရတွင် ပြည်ထောင်စုသားတိုင်းရင်းသားလူမျိုးစုံပါဝင်ရေးကို ဦးတည်လျက် လိုအပ်သလို ဆက်လက်တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်” ဟု သိရသည်။
ဧပြီလ ၁၆ ရက်နေ့တွင် CRPH ကထုတ်ပြန်လိုက်သည့် ကြားကာလ အမျိုးသားညီညွှတ်ရေးအစိုးရအဖွဲ့တွင် ကချင်၊ ကရင်၊ ကရင်နီ၊ မွန်၊ ချင်း၊ တအာင်း (ပလာင်) စသည့် တိုင်းရင်းသားလူမျိုးများ ပါဝင်လာသည်ကို တွေ့ရသည်။
သို့သော် ယနေ့ ဖွဲ့စည်းလိုက်သည့် ကြားကာလ အမျိုးသားညီညွှတ်ရေးအစိုးရတွင် တိုင်းရင်းသားလူမျိုးစုံ ပါဝင်လာခြင်း မရှိသေးပေ။
ထို့ကြောင့် လူမျိုးစုံပါဝင်ရေးကိုဦးတည်ကာ အစိုးရအဖွဲ့ကို လိုအပ်သလို တိုးချဲ့ဖွဲ့စည်းသွားမည်ဟု ဆိုသည်။
CRPH အနေဖြင့် ဤပြည်ထောင်စုအစိုးရသစ် ပေါ်ပေါက်ရန်အလို့ငှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (National Unity Consultative Council) အတွင်း ဆွေးနွေးညှိနှိုင်းလျက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ အတည်ပြုမှုဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါသည် ဟုဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရသည် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (Federal Democracy Charter) ပါ နိုင်ငံရေးလမ်းပြမြေပုံကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေပြုရေးမဏ္ဍိုင်အဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကလည်းကောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရက လည်းကောင်း တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး တရားစီရင်ရေးမဏ္ဍိုင်ကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်သွားမည် ဖြစ်ပါသည်ဟု CRPH က ဆိုသည်။
ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များသည် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်နေပြည်သူများ၏ ဆန္ဒနှင့်အညီ ဖွဲ့စည်းလျက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှယ်တော်ကိုယ်စားပြုကော်မတီများ၏ အတည်ပြုမှုဖြင့် ဆက်လက်ဖွဲ့စည်း ပေါ်ပေါက်လာမည် ဖြစ်ပါသည် ဟုပြောသည်။
CRPH အနေဖြင့် ၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုက ဒီမိုကရေစီနည်းကျ အပ်နှင်းလိုက်သည့် အာဏာကိုကျင့်သုံးလျက် ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ အမျိုးသားညီညွှတ်ရေး အစိုးရကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့ ၂၀၂၁ ခုနှစ်တွင် CRPH က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကြေစာတမ်းကို ထုတ်ပြန်ကြေညာခဲ့သည်။
ထိုသို့ ထုတ်ပြန်ကြေညာပြီး နှစ်ပတ်ကျော်အကြာတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH မှ ကြားကာလ အမျိုးသားညီညွှတ်ရေးအစိုးရကို ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။