CDM လှုပ်ရှားမှုတွင် ကချင်ပြည်နယ်အတွင်း လူဦးရေအရ အများဆုံးပါဝင်သည့် အစိုးရဝန်ကြီးဌာနမှာ ပညာရေးဝန်ကြီးဌာနဖြစ်ပြီး တစ်ပြည်နယ်လုံးတွင် ဌာနပေါင်းစုံက CDM ဝန်ထမ်း ၅၅၃၂ ဦး ပါဝင်သည်။
ဧပြီလ ၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် ကချင် နိုင်ငံရေးယာယီပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Kachin Political Interim Coordination Team -KPICT) က ထုတ်ပြန်လိုက်သည့် စာရင်းဇယားများတွင် ပြည်နယ်အတွင်းရှိသည့် အစိုးရဌာနများအနက် ပညာရေးဝန်ကြီးဌာနက ပထမ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒုတိယနှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာနက တတိယအဆင့်ရှိသည်။
KPICT ၏ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် CDM လှုပ်ရှားမှုတွင်ပါဝင်သည့် ဝန်ထမ်း ၅၀၀၀ ကျော်ရှိသည်။
“KPICT မှ သက်ဆိုင်ရာ CRPH အဖွဲ့ဝင်များနှင့် ပူးပေါင်းကောက်ခံစုစည်းထားသော လက်ရှိစစ်တမ်းအရ ကချင်ပြည်နယ်တွင် CDM ဝန်ထမ်းဦးရေ စုစုပေါင်း ၅၅၃၂ ဦးရှိကြောင်း သိရှိရပါသည်” ဟု ထုတ်ပြန်ထားသည်။
လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement-CDM) တွင်ပါဝင်သည့် ဝန်ထမ်းများအားလည်း KPICT က ဂုဏ်ယူသည်ဟုပြောသည်။
“အလွန်ခက်ခဲကြမ်းတမ်းသည့်အခြေအနေတွင် ယခုကဲ့သို့ မိမိဘဝနှင့် မိသားစုဘဝများကိုအရင်းပြုကာ CDM တွင် စွမ်းစွမ်းတမံပါဝင်လျက်ရှိကြသော ဝန်ထမ်းပြည်သူတို့အား ကျွန်ပ်တို့ KPICT မှ အထူးဝမ်းသာဂုဏ်ယူကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည်” ဟု ပြောသည်။
မြစ်ကြီးနားမြို့က ဆန္ဒထုတ်ဖော်ပွဲများစတင်ချိန်မှ ယနေ့အချိန်ထိပါဝင်နေသည့် လူငယ်တစ်ဦးက “ကျနော်တို့ဆီမှာ တောက်လျှောက်ပါခဲ့တာက ကျနော်တို့ရဲ့ ဆရာ/ဆရာမတွေပါ။ တခြားဌာနတွေကိုလည်း CDM မှာ ဆက်လက်ပြီး လာရောက်ပါဝင်စေချင်တယ်။ ကျနော်တို့လူငယ်တွေ နေ့တိုင်း အသက်ပေးနေတာမျိုး၊ ဖမ်းဆီးခံနေရတဲ့ကိစ္စတွေကို အားလုံးက မြင်တာပဲနော်။ ဒါကြောင့် ဒီစစ်အာဏာရှင်စနစ်ကျဆုံးဖို့အတွက် ဝန်ထမ်း အာလုံး လာပြီးပူးပေါင်းပေးစေချင်ပါတယ်” ဟုပြောသည်။
စစ်ကောင်စီမှ အသက်သွင်းလိုသော အစိုးရယန္တရားတစ်ရပ် လည်ပတ်နိုင်ခြင်းမရှိစေရေးတွင် CDM ဝန်ထမ်းများသည် အခရာဖြစ်ပြီး၊ CDM များ ဆက်လက်တောင့်ခံနိုင်ဖို့ရန် ပြည်သူအားလုံး ဝိုင်းဝန်းဖေးမကူညီကြရန်လည်း Kachin Political Interim Coordination Team (KPICT) - ကချင် နိုင်ငံရေးကြားကာလဆွေးနွေးညှိနှိုင်းရေးအဖွဲ့က တိုက်တွန်းထားသည်။
ယခုထုတ်ပြန်လိုက်သည့် KPICT ၏ CDM တွင်ပါဝင်သည့် ဝန်ထမ်းဦးရေစာရင်းကို KPICT နှင့် CRPH ကတာဝန်ရှိသူများ ပူးပေါင်းကောက်ခံထားခြင်းဖြစ်သည်။