မိုးညှင်းအခြေစိုက်ကျောင်းသားသမဂ္ဂများမှ မိုးညှင်းခရိုင်အတွင်းရှိ မြို့များ၊ ကျေးရွာများနှင့် ရပ်ကွက်များမှ ပြည်သူများအနေဖြင့် တန်ခူးလ အခါသင်္ကြန်ပွဲတော်အား ပါ၀င်ဆင်နွဲခြင်းမပြုလုပ်ကြရန် တောင်းဆိုကြောင်း ထုတ်ပြန်ချက်ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။
မကြာမီကာလအတွင်း မြန်မာလူမျိုးတို့၏ ဆယ်နှစ်လရာသီပွဲတော်များအနက် တစ်ခုဖြစ်သည့် တန်ခူးလအခါသင်္ကြန်ပွဲတော်ကြီး ကျရာက်လာတော့မည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် ပြည်သူလူထုတစ်ရပ်လုံးမှ အသက်ပေးကာ အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသည့် ကာလဖြစ်သောကြောင့် စစ်ကောင်စီ၏ ပြည်သူများကိုသတ်ဖြတ်ပြီး ပြည်သူ့သွေးဖြင့် ဆေးကျောကျင်းပမည့် သင်္ကြန်ရေသဘင်ပွဲတော်ကို ပါ၀င်ဆင်နွဲခြင်းမပြုလုပ်ကြပါရန် အလေးအနက်ထားတောင်းဆိုအပ်ပါသည်ဟု ရေးသားဖော်ပြထားသည်။
မတရားဖမ်းဆီခံထားရသော လူထုခေါင်းဆောင်များ၊ ကျောင်းသားပြည်သူများနှင့် ကျဆုံးသွားသော တိုက်ပွဲ၀င်အာဇာနည်သူရဲကောင်များကို အသိအမှတ်ပြု လေးစားဦးညွတ်သောအားဖြင့် နွေးဦးတော်လှန်ရေးသပိတ်ကို ဆက်လက်တိုက်ပွဲ၀င်ကြပါရန် လေးစားစွာ တောင်းဆိုအပ်သည်ဟုလည်း ရေးသားထားကြောင်း သိရသည်။
အဆိုပါတောင်ဆိုချက်ကို မိုးညှင်းမြို့ရှိ မိုးညှင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် မိုးညှင်းအစိုးရနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့မှ ပူပေါင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုးညှင်းမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကြောင့် သေဆုံးသူ နှစ်ဦးရှိခဲ့ပြီး ဖမ်းဆီခံရသူ ၂၀ ကျော်ခန့်ရှိနေပြီဖြစ်ပြီး လက်ရှိအချိန်အထိ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဆန္ဒပြမှုများ ပြောက်ကျားသပိတ်ဖြင့် ဆက်လက်ပြုလုပ်လျှက်ရှိကြောင်း သိရသည်။