ရဲတပ်ဖွဲ့များနှင့် စစ်တပ်မှ PSI စလောင်းများ ဖြုတ်ခိုင်းသည်ဟူသောသတင်းများကြောင့် မိုးညှင်းမြို့ရှိ နေအိမ်အများစုမှ မိမိကိုယ်တိုင်ဖြုတ်သိမ်းနေမှုများဖြစ်နေကြောင်း သိရသည်။
“လိုင်းပေါ်တွေမှာပျံနေတာ ဟိုရပ်ကွက်မှာ လိုက်ဖြုတ်ခိုင်းနေတယ်၊ ဒီရပ်ကွက်မှာ ဖြုတ်ခိုင်းနေတယ်နဲ့ သတင်းကလဲ တိတိကျကျမရှိဘူး၊ ဒါပေမယ့် တစ်ချို့ကကြောက်ပြီး ကိုယ်တိုင်ဖြုတ်သိမ်းနေကြတယ်” ဟု မိုးညှင်းမြို့ဒေသခံတစ်ဦးက ပြောသည်။
ဆိုင်များတွင် လိုက်လံသိမ်းစည်းနေကြောင်းနှင့် နေအိမ်များထိပါ အဆိုပါ PSI စလောင်းများ လိုက်လံဖြုတ်ခိုင်းနေကြောင်း မိုးညှင်းမြို့ လူမှုကွန်ယက်စာမျက်နှာများတွင် ပျံနှံလျှက်ရှိပြီး တစ်ချို့နေအိမ်များမှ ကြောက်ရွံ့ကာ PSI စလောင်းအပြင် ၈ ပေစလောင်းများကိုပါ ဖြုတ်သိမ်းမှုများရှိနေကြောင်း သိရသည်။
ဧပြီလ ၈ ရက်နေ့က ပီအက်စ်အိုင်မြန်မာ၏ လူမှုကွန်ယက်စာမျက်နှာတွင် PSI S2AEC HD လိုင်းလက်ခံစက်တွင် ထုတ်လွင့်ထားသော Mizzima & DVB ချန်နယ်များကို ပြည်သူများ၏လုံခြုံရေးအတွက် ခေတ္တခဏရပ်နားထားမည်ဖြစ်ပါကြောင်း အသိပေကြေငြာလိုက်ကြောင်းထုတ်ပြန်ခဲ့ပြီးနောက် ဧပြီလ ၉ ရက်နေ့တွင် MIzzima နှင့် DVB ချန်နယ်များကို ပြန်လည်ဖမ်းယူရရှိခဲ့ကြောင်း သိရသည်။
ထိုအတူ မိုးညှင်းမြို့ရှိ fiber အင်တာနက်များ ထပ်မံတပ်ဆင်မှု ပိတ်ပင်ထားသည်ဟု သတင်းထွက်နေပြီး fiber အင်တာနက်များကိုလဲ မကြာခင်တွင် ပိတ်ထားတော့မည်ဟုလည်း သတင်းများထွက်ပေါ်လျက်ရှိသည်။
လက်ရှိတွင် မိုးညှင်းမြို့တွင် ဆက်သွယ်ရေဆင်းကဒ်များကို ယခင်က လွတ်လပ်စွာဝယ်ယူရရှိနိုင်သော်လည်း ယခုအချိန်တွင် မှတ်ပုံတင်ပြနိုင်မှသာလျှင် ရောင်းချပေးနေကြောင်း သိရသည်။