ဖားကန့်လမ်း ဂေါ့လူယာန်နှင့် ခွမ်ဆိုင်ယာန်ကျေးရွာကြားတွင် ယနေ့ ဧပြီလ ၁၄ ရက်နေ့ မနက်ပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ နှင့် အာဏာသိမ်းစစ်ကောင်စီတို့အကြား နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
နမ့်ယာစစ်တပ်ကုန်းမှ အာဏာသိမ်းစစ်တပ် အင်အား ၄၀ ကျော်ခန့်က ခြေလျှင်ဖြင့် ကပ်မှော်ကျေးရွာတစ်လျှောက် ဝင်ရောက်လာစဉ် KIA တပ်မဟာ ၉ အောက် တပ်ရင်း ၄၄ က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကပ်မှော်ကျေးရွာ ဒေသခံတစ်ဦးထံမှ သိရသည်။
"ဒီမနက် ၅ နာရီလောက်မှာ ဗမာစစ်သားတွေက ဖြတ်သွားတာတွေ့လိုက်ရတယ်။ အယောက် ၄၀ ကျော်လောက်ရှိတယ်။ အဲ့ဒါကို ဒီမနက်ကတော့ KIA စစ်သားတွေက ဝင်ပစ်တယ်လို့သိရတယ်။ KIA စစ်သားတွေပစ်တာက ၁၅ မိနစ်လောက်ပါဘဲ။ ဒါပေမယ့် သူတို့က တစ်နာရီအထိ သေနတ်တွေဖောက်နေကြတာ။ ပြီးရင် နန့်ယားစစ်တပ်ကုန်းကလည်း လက်နက်ကြီးအချက် ၅ ချက်လောက် ပစ်လွတ်တယ်လို့ထင်တယ်။ ကြားနေရတယ်" ဟု ပြောဆိုသည်။
ပစ်ခတ်တိုက်ခိုက်မှု ငြိမ်သက်သွားပြီးနောက် ဖားကန့်တက်သည့် ခရီးသည်ကားများ ပုံမှန်အတိုင်း ဆက်သွားနေကြပြီး ထိခိုက်ဒဏ်ရာရရှိမူများ မကြားသေးကြောင်း သူကပြောဆိုသည်။
ကချင်ပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်စခန်းများနှင့် ယာဉ်တန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က နေရာအနှံတွင် ပြောက်ကျား တိုက်ခိုက်နေသည်ကို တွေ့ရသည်။