ကချင်ပြည်နယ်၊ လီဒိုလမ်းမအနီးရှိ ဝါရာဇွပ်ကျေးရွာအုပ်စုမှ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာများကို အာဏာသိမ်းစစ် ကောင်စီ၏လက်အောက်ခံတပ်ရင်းတစ်ခုဖြစ်သည့် ခလရ ၂၉၇ က တိုက်ပွဲမဖြစ်သော်လည်း ညအချိန်လက်နက်ကြီးများ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဧပြီလ ၅ ရက်နေ့ ည ၈ နာရီခွဲအချိန်တွင် ရှဒူးဇွပ်ကျေးရွာအခြေစိုက် ခလရ ၂၉၇ သည် စစ်တပ်ကုန်းမှ လက်နက်ကြီးဖြင့် ခြောက်ကြိမ် ထက်မနည်းပစ်ခတ်မှုကြောင့် ဘန်ကောက်ကျေးရွာနှင့် နမ်ဆိုင်ကျေးရွာတွင် လက်နက်ကြီးတစ်လုံးစီ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
“မနေ့ည ၈ နာရီနဲ့ ၉ နာရီကြားမှာဟုတ်တယ်။ ဒီရှဒူးဇွပ်စစ်တပ်ကုန်းက လက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်။ ဘယ်ကိုပစ်နေကြလဲမသိဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဒီဝါရွာဇွပ်ကျေးရွာနဲ့နီးတဲ့ ဘန်ကောက်ကျေးရွာမှာက လက်နက်ကြီးကျတယ်တယ်လို့သိရတယ်”ဟု ဝါရာဇွပ်ဒေသခံတစ်ဦးက ပြောဆိုသည်။
အာဏာသိမ်းစစ်တပ်က ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းသို့ လက်နက်ကြီးကျရောက်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ကြောင်း သိရသည်။
သို့သော် စစ်တပ်က ကျေးရွာရှိရာသို့ ပစ်ခတ်မှုများပြုလုပ်နေသဖြင့် စိုးရိမ်နေရကြောင်း ရှဒူးဇွပ်ဒေသံတစ်ဦးက ပြောသည်။
"သူတို့က ညအချိန်ဆို လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာဆိုတော့ အရမ်းစိုးရိမ်တယ်။ ဘယ်ကိုပစ်မှန်းလည်းမသိရ။ ဘယ်သူက တာဝန်ယူပေးမလဲ။ ဒါကိုဘဲစိုးရိမ်နေရတယ်" ဟု ၎င်းကပြောသည်။
ပြည်သူများကိုပစ်သတ်သော အာဏာသိမ်းစစ်တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။