လက်ရှိဖွင့်လှစ်လျက်ရှိသောဘဏ်များတွင် ငွေထုတ်ယူခွင့်သာရှိ၍ ငွေလွှဲမရဖြစ်နေသောကြောင့် အသေးစား အလတ်စားလုပ်ငန်းရှင်များ ကုန်သည်များနှင့် သာမန်ပြည်သူများ အခက်အခဲများကြုံနေရကြောင်း သိရသည်။
အချိုရည်ကုမ္ပဏီမှ စာရင်းကိုင်တစ်ဦးက “ရန်ကုန်ကရုံးချုပ်ကို နေ့တိုင်းပိုက်ဆံ သိန်းရာကျော်သွင်းနေရတယ်။ အခု သင်္ကြံန်နီးတော့ပစ္စည်းတွေလည်း ကုန်သလောက်ဖြစ်နေပြီ။ ဘဏ်တွေဖွင့်တယ်ဆိုလည်း ပိုက်ဆံထုတ်လို့ပဲရတယ်ဆိုတော့ အခက်အခဲတော့အများကြီးပေါ့။ လောလောဆယ်တော့ ရန်ကုန်ကို အသွားအလာရှိတဲ့အသိတွေနဲ့ ပိုက်ဆံကို လူကြုံနဲ့ ပို့နေရတယ်” ဟု ပြောသည်။
ဗဟိုဘဏ်မှ မတ် ၁ ရက်မှစတင်၍ ဘဏ်၌တစ်ပတ်လျှင် အများဆုံးသိန်း ၂၀ သာထုတ်ယူခွင့်ပြုကြောင်း၊ စီးပွားရေးဆိုင်ရာကုမ္ပဏီကြီးများနှင့် အဖွဲ့အစည်းကြီးများကို တစ်ပတ်လျှင် သိန်း ၂၀၀ အထိ ထုတ်ခွင့်ပေးကြောင်း သိရသည်။
ထို့ပြင် အင်တာနက်ပြတ်တောက်နေမှုကြောင့် သာမန်ပြည်သူများ Mobile Banking စနစ်အသုံးပြုမှု အခက်အခဲရှိလာသောကြောင့် ငွေထုတ်ယူရန် ATM သို့မဟုတ် ဘဏ်များရှေ့တွင် နာရီနှင့်ချီပြီး စောင့်ဆိုင်းနေကြရကြောင်း ငွေထုတ်ယူသူအများစုက ပြောသည်။
“တုံကင်စနစ်နဲ့လုပ်ပေးတယ်၊ တုံကင်ရဖို့ကို နာရီနဲ့ချီစောင့်ရတယ်။ ရလာတော့လည်း သောကြာနေ့မှ လာထုတ်လို့ရမှာတဲ့ အခြားသူတွေလည်းအဲ့လိုပဲ နောက် သုံးရက်၊ လေးရက်နေမှ လာထုတ်ဖို့ပြောတယ်။ ပိုက်ဆံထုတ်တဲ့နေ့ကျရင်လည်း ဘယ်လိုလာအုံးမလဲတော့မသိဘူး” ဟု တုံကင်ယူခဲ့သူတစ်ဦးက ပြောသည်။
စစ်တပ်က အာဏာလုယူပြီးနေက် ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ CDM လှုပ်ရှားမှုကြောင့် ဘဏ်လုပ်ငန်းအားလုံးရပ်တန့်သွားကာ ယခုအခါ ပုဂ္ဂလိက ဘဏ်အများစု ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း အကန့်အသတ်များဖြင့်သာ ဝန်ဆောင်မှုနေရကြောင်း သိရသည်။