ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင်းရှိ မြောက်ပိုင်းမဟာမိတ်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့ တိုက်ပွဲကြောင့် အရပ်သားငါးဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။
ဖေဖော်ဝါရီ ဒုတိယပတ်မှစတင်၍ ယနေ့ထိ နှစ်ဖက်တိုက်ပွဲတင်းမာနေပြီး ဒေသခံငါးဦးသေဆုံးပြီး သုံးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်မဲ ပရဟိတကူညီပေးနေသူများက ပြောသည်။
“စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နဲ့ RCSS/SSA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်။ အဲ့တိုက်ပွဲကြောင့် အမျိုးသား သုံးဦးနှင့် အမျိုးသမီးနှစ်ဦးသေတယ်။ ထိခိုက်ဒဏ်ရာရသူတွေကတော့ သုံးဦးရှိတယ်” ဟု ကျောက်မဲ ပရဟိတကူညီပေးနေသည့် အမည်မဖော်လိုသူတစ်ဦးက ပြောသည်။
လက်ရှိချိန်ထိ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းစစ်ရေး တင်းမာနေသေးသည့်အတွက် စစ်ဘေးဒုက္ခသည်များ မိမိနေရပ်သို့ပြန်ရန် ခက်ခဲနေသေးကြောင်း၊ စစ်ရှောင်အတွက် အရေးပေါ်စားနိပ်ရိက္ခာလည်း လိုအပ်နေကြောင်း သိရသည်။
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်အတွင်း နမ္မမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်းဖြစ်ပွားသည့် တိုက်ပွဲကြောင့် စစ်ရှောင် ၁၀၀၀ နီးပါးရှိကြောင်း သိရသည်။
ဖေဖော်ဝါရီလမှစတင်ကာ လက်ရှိချိန်ထိ နှစ်ဖက်တပ် တိုက်ပွဲများ ဆက်လက်ဖြစ်ပွာနေသေးသဖြင့် စစ်ရှောင်များ နေရပ်သို့မပြန်နိုင်သေးကြောင်း စစ်ရှောင်ကော်မတီက ပြောဆိုလိုက်သည်။
Published
Tuesday, April 06, 2021
ကျောက်မဲတွင် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းတိုက်ပွဲကြောင့် အရပ်သားငါးဦးသေဆုံး၊ သုံးဦးဒဏ်ရာရ