နှစ်လကျော်ကြာ နွေဦးတော်လှန်ရေးလှုပ်ရှားမှု ဆန္ဒပြပြည်သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ပစ်ခတ်ဖြိုခွင်းခဲ့ရာ မွန်ပြည်နယ်တွင်ကျဆုံးသူ ခုနစ်ဦးအထိရှိလာကြောင်း သိရသည်။
သတင်းမီဒီယာများ၏ ဖော်ပြမှုအရ မတ် ၃၁ ရက်အထိ ရန်ကုန်တိုင်း ၁၉၄ ဦး၊ မန္တလေးတိုင်း ၁၆၅ ဦး၊ စစ်ကိုင်းတိုင်း ၄၁ ဦး၊ တနင်္သာရီတိုင်း ၂၈ ဦး၊ ပဲခူးတိုင်း ၂၄ ဦး၊ ရှမ်းပြည်နယ် ၂၄ ဦး၊ မကွေးတိုင်း ၂၃ ဦး၊ ဧရာဝတီတိုင်း ၁၀ ဦး၊ ကချင်ပြည်နယ် ၁၀ဦး၊ နေပြည်တော် ၃ ဦးနှင့် ကယားပြည်နယ် ၁ ဦး အသီးသီးကျဆုံးခဲ့သော်လည်း ရခိုင်ပြည်နယ်အတွင်း အကျအဆုံးဖြစ်ပေါ်ခဲ့ခြင်းမရှိပေ။
အလားတူ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ဧပြီ ၄ ရက် ညနေပိုင်းအထိ စစ်အာဏာရှင်ဆန့်ကျင် ရေး မြန်မာ့နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွင် ကျဆုံးခဲ့ရသူ စုစုပေါင်း (၅၆၄) ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှ သတင်းထုတ်ပြန်ထားသည်။
အဏာသိမ်းစစ်ကောင်စီ၏ တပ်များက ဆန္ဒပြသူများကို အသံမိုင်း၊ မျက်ရည်ယိုဗုံး၊ ရာဘာကျည်အပြင် ကျည်အစစ်ဖြင့် ပစ်ခတ်ဖြိုခွင်းမှုကြောင့် ကျဆုံးမှုအရေအတွက်တစ်နေ့ထက်တစ်နေ့ တိုးများလာသည့် အပြင် ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့သော်လည်း သက်ဆိုင်ရာအာဏာပိုင်များက သတင်းထုတ်ပြန်မှုများ မတွေ့ရှိရပေ။
ယခုအခါ ဆန္ဒပြလူငယ်များက လူအင်အားအနည်းငယ်ဖြင့်သာ ပြောက်ကျားသပိတ်အဖြစ် အာရုဏ်ဦးသပိတ်၊ လူမဲ့သပိတ်၊ ထိုင်သပိတ်၊ စတေကာသပိတ်၊ ဆိုင်ကယ်သပိတ်နှင့် ညသပိတ် စသည်ဖြင့် နည်းလမ်းမျိုးစုံဖြင့် ဆက်လက်ဆန္ဒထုတ်ဖော်လျက်ရှိသည်။
ထို့ပြင် ခရစ်ယာန်ဘာသာအလိုအရ ယေရှုခရစ်တော် ပြန်လည်ရှင်သန်ထမြောက်လာ သကဲ့သို့ မြန်မာ့ဒီမိုကရေစီသည်လည်း ဥခွံထဲမှ ရှင်သန်ရုန်းထွက်လာစေရန် ရည်ရွယ်ချက်ဖြင့် ယမန့်တွင်ကျရောက်သည့် ခရစ်ယာန်ဘာသာဝင်အီစတာ ပွဲတော်နေ့အထိမ်းအမှတ် Easter Egg Campaign ကြက်ဥလှုပ်ရှားမှု ဆန္ဒပြပွဲများကိုလည်း မော်လမြိုင်မြို့အပါအဝင် နေရာဒေသတော်တော်များများတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။