ကရင်စစ်ဘေးရှောင်များကို ကူညီရန် ထိုင်းဖက်က ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကရင်ဒုက္ခသည်ကော် မတီ (KRC) က တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဧပြီလ ၅ ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင် အကူအညီပေးမယ့်ပစ္စည်းများကို ဒုက္ခသည်များရှိရာ ထိုင်းတစ်ဖက်ကမ်းသို့ ပို့ဆောင်ခွင့်ပြုလိုက်သည်ဟု ကရင်ဒုက္ခသည်ကော်မတီ (KRC) က တာဝန်ရှိသူတစ်ဦးဖြစ်သူ စောဘွေးဒိုက အတည်ပြုပြောဆိုသည်။
၎င်းက “သတင်းအရဆိုရင် ၉ နာရီမှာပေါ့။ ကျွန်တော်သိတဲ့လူတွေကို လှမ်းမေးကြည့်တော့ သွားနေပြီ အခု လှေပေါ်ကို ပစ္စည်းတွေတင်နေပြီ။ အဲဒါဟုတ်ပါတယ်။ ဒါပေမယ့် သွားပို့ခွင့်ရတာက မနေ့က ရောက်လာတဲ့ ပစ္စည်းတွေပဲ ပို့လို့ရတာ။ နောက်လာမယ့်ဟာတွေ အတွက်ကတော့ မရသေးဘူး။ မနေ့က ကားအစီး ၂၀ ကျော်ရောက်လာတဲ့ဟာတွေလေ သော်လဲထာကနေ ဒီနေ့ ဟိုဖက်ကို သွားပို့ဖို့ အခွင့်ပေးလိုက်တာ” ဟုပြောသည်။
ကရင်ဒုက္ခသည်များကို သွားရောက်ကူညီရန် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ထိုင်းအစိုးရမှ ခွင့်မပြုပဲ တားမြစ်ထားရာမှ ယနေ့နံနက်ပိုင်းတွင် ရောက်နှင့်ပြီးသား အကူအညီပေးသည့်ပစ္စည်းများကို သွားရောက်ပို့ဆောင်ရန် ခွင့်ပြုခဲ့သော်လည်း နောက်လာမည့်အရာများအတွက် တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိသေးဟု စောဘွေးဒိုက ဆက်ပြောသည်။
“အဲဒါကတော့ သူတို့ ပြောကြဆိုကြ အစည်းအဝေးလုပ်ဆဲပဲ ဘယ်အချိန်သွားရမလဲ ဘယ်လိုသွားရမလဲ ဆိုတာ ခွင့်ပြုတယ် မပြုဘူးဆိုတာကတော့ ဘာမှမပြောသေးဘူး” ဟု စောဘွေးဒိုက ပြောသည်။
ကရင်စစ်ဘေးဒုက္ခသည် ၇၀၀၀ ကျော်ခန့်သည် မြန်မာဖက်ခြမ်း သံလွင်မြစ်ကမ်းဘေးတွင် ရောက်ရှိနေပြီး လက်ရှိတွင် အစား အသောက်များအပြင် အဖက်ဖက်မှ အကူအညီများလိုအပ်နေသည်ဟု KRC က ဆိုသည်။
စောဘွေးဒိုက “သူတို့ပြောတာက သူတို့အတွက် လုံခြုံရေးလိုအပ်တယ်။ အခုက မိုးကလည်း နည်းနည်းရွာလာ တာဆိုတော့ အမိုးအကာတွေ လိုမယ်။ အစားအသောက်တွေလိုတယ်။ အရေးကြီးဆုံးကတော့ အခြေအနေက ဒီထက်ပိုဆိုးလာမယ်ဆိုရင် ထိုင်းဖက်မှာ ခတ္တခန လာရောက်ခိုလှုံနိုင်ဖို့အတွက်လေ ပြီးတော့ ဒုက္ခသေည် တွေကို သွားရာက်ကူညီဖို့ အကူအညီပေးမယ့်အဖွဲ့တွေကို ထိုင်းဖက်က ခွင့်ပြုပေးဖို့ လိုအပ်တယ်” ဟုပြောသည်။
စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးဒုက္ခသည်များသည် များသောအားဖြင့် ကလေး သူငယ်၊ ကိုယ်ဝန်ဆောင်မိခင်၊ သက်ကြီးရွယ်အိုများနှင့် နာမကျန်းသူများလည်း ပါရှိနေပြီး ၎င်းတို့အတွက် ရေနှင့် အစား အသောက်များအပြင် မိုးအနည်းငယ်ကျလာသည့်အတွက် အမိုးအကာများလည်း အရေးအပေါ် လိုအပ်နေသည်ဟု သိရသည်။
ကရင်အမျိုးသား အစည်းအရုံး KNU/KNLA တပ်မဟာ ၅ နှင့် စစ်ကောင်စီတပ်များအကြား ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် KNU/KNLA တပ်မဟာ ၅ ဧရိယာအတွင်းရှိ တကောတိုဘောရွာ၊ ဒေပိုနိုရွာ၊ သဒါးဒဲရွာ၊ သေမူဒဲရွာ စသည့် သံလွင်မြစ်နှင့်မနီးသည့် ကျေးရွာများမှ ပြည်သူ နှစ်သောင်းကျော်သည် တောထဲ တောင်ထဲတွင် ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ပြောသည်။
ထို့အပြင် မယ်နူထရွာ၊ သီးကော်ထရွာ၊ အီးသူထရွာ၊ အူးဝေးကလိုးရွာ စသည့် သံလွင်မြစ်ကမ်းနှင့်နီးသည့် ကျေးရွာများမှာ ထိုင်းဖက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော်လည်း ထိုင်းအစိုးရက လက်မခံပဲ ပြန်လည် မောင်းထုတ်ခဲ့သည်ဟု ကရင်အရပ်ဖက်အဖွဲ့အစည်းများက ပြောသည်။
ထို့ကြောင့် လက်ရှိအချိန်အထိ သံလွင်မြစ်ကမ်းနားနှင့် တောထဲတောင်ထဲတွင် နေထိုင်နေရသည်ဟု ဆိုသည်။