တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသည့် ကရင်စစ်ဘေးဒုက္ခသည် သောင်းချီ အစားအသောက်နှင့် အခြားအသုံးအဆောင်များ အရေးအပေါ် အကူအညီများလိုအပ်နေသည်ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသူများက ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး KNU နှင့် စစ်ကောင်စီတပ်များအကြား ဖြစ်ပွားလာခဲ့သည့် တိုက်ပွဲများကြောင့် KNU တပ်မဟာ ၅ ဧရိယာအတွင်းရှိ ကျေးရွာများမှ ဒေသခံသောင်းချီ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီးက ပြောသည်။
၎င်းက “တောထဲမှာတော့ နှစ်သောင်းကျော်တယ်။ အဲဖက်မှာလည်း အရမ်းခက်ခဲတယ်။ အခုဆိုရင် အစားအသောက်မရှိတော့ဘူး။ အရမ်းခက်နေတာဟုတ်တယ်။ ဘယ်လိုကူညီရမလဲဆိုတာ အခု လမ်းကြောင်းရှာနေတုန်းပဲ” ဟုပြောသည်။
ကရင်ဒုက္ခသည်ကော်မတီ KRC တာဝန်ရှိသူတစ်ဦးဖြစ်သူ စောဘွေးဒိုကလည်း “အဲဒါကတော့ အများကြီးပဲ ပြောမပြတတ်အောင်ပဲ အရေအတွက်တောင် ဘယ်မှာမှ ရှာလို့မရတော့ဘူး။ လိုအပ်တာကတော့ အကုန်လုံးပဲ သူတို့ထွက်ပြေးလာတာ ဘာမှမပါလာတာကို အဝတ်တစ်စုံ ကိုယ်တစ်ခု နဲ့ပဲပြေးလာကြတာ စားဖို့သောက်ဖို့က မပါလာဘူးလေ။ နေထိုင်ဖို့နေရာလည်းမရှိ တဲတွေဘာတွေဆောက်ဖို့ လုပ်ဖို့က ဘာမှလုပ်လို့မရဘူးလေ” ဟုပြောသည်။
တိုက်ပွဲများကြောင့် KNU တပ်မဟာ ၅ ဧရိယာအတွင်းရှိ တကောတိုဘောရွာ၊ ဒေပိုနိုရွာ၊ သဒါးဒဲရွာ၊ သေမူဒဲရွာ စသည့် သံလွင်မြစ်နှင့် မနီးသည့် ကျေးရွာများမှ ပြည်သူနှစ်သောင်းကျော်သည် တောထဲတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။
ထို့အပြင် မယ်နူထရွာ၊ သီးကော်ထရွာ၊ အီးသူထရွာ၊ အူးဝေးကလိုးရွာ စသည့် သံလွင်မြစ်ကမ်းနှင့်နီးသည့် ကျေးရွာများမှာ ထိုင်းဖက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော်လည်း ထိုင်းအစိုးရက လက်မခံပဲ ပြန်လည်မောင်းထုတ်ခဲ့သည်ဟု ကရင်အရပ်ဖက်အဖွဲ့အစည်းများက ပြောသည်။
ထို့ကြောင့် လက်ရှိအချိန်အထိ သံလွင်မြစ်ကမ်းနားနှင့် တောထဲတောင်ထဲတွင် နေထိုင်နေရသည်ဟု ဆိုသည်။
သံလွင်မြစ်ကမ်းဘေးနားသို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးဒုက္ခသည် အခြေအနေနှင့်ပတ်သက်၍ စောဘွေးဒိုက “သူတို့က အခု သံလွင့်မြစ်ကမ်းဘေးနားမှာ လာနေကြတာရှိတယ်။ ထိုင်းက သူတို့ကို ဝင်ခွင့် မပေးဘူး။ ထိုင်းထဲမှာနေဖို့ကို ထိုင်းအစိုးရက ခွင့်မပြုသေးဘူး။ အခုက နှစ်ထောင်ကျော်ပြီ” ဟုပြောသည်။
နော်ဝါးခူရှီးကလည်း “အခုက သူတို့က ရွာထဲကနေ ထွက်ပြေးလာကြတယ်။ သံလွင်မြစ်ကမ်းနားမှာ အခုက သံလွင်မြစ်ကမ်းနားမှာ ရောက်လာတာက စစ်ဘေးရှောင် ၂၁၈၈ ယောက် ထိုင်းဖက်မှာတော့ စာရင်းမရှိဘူး။ ထိုင်းဖက်က ဝင်လာတဲ့ စစ်ဘေးရှောင်တွေကို မောင်းထုတ်လိုက်တယ်။ အကုန်လုံးမောင်းထုတ်လိုက်တယ်။ မနေ့က သူတို့က စစ်ဘေးရှောင်တွေကို ခေါ်ပြီးတော့ ဓာတ်ပုံရိုက်တယ်။ သူတို့ စစ်ဘေးရှောင်ကို ကူညီတယ် လက်ခံတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပေါ့ ပြီးတော့ မောင်းထုတ်လိုက်တာပဲ” ဟုပြောသည်။
အရေးပေါ်လိုအပ်နေသည်မှာ ဆန်နှင့် ကုန်ခြောက်ကဲ့သို့ စားစရာများဖြစ်ပြီး ထိုင်းစစ်တပ်က ခွင့်မပြုသည့်အတွက် စစ်ဘေးဒုက္ခသည်များအား သွားရောက်ကူညီ၍ မရသည့် အနေအထားတွင် ရှိနေသည်ဟု ပြောသည်။
စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးဒုက္ခသည်များသည် များသောအားဖြင့် ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်မိခင်၊ သက်ကြီးရွယ်အိုများနှင့် နာမကျန်းသူများလည်း ပါရှိနေပြီး ၎င်းတို့အတွက် ရေနှင့် အစားအသောက်များအပြင် အဖက်ဖက်မှ အကူအညီများ လိုအပ်နေသည်ဟု ကရင်အရပ်ဖက်အဖွဲ့အစည်းများက ဆိုသည်။
နော်ဝါးခူရှီးက “သူတို့အရေးပေါ်လိုအပ်တာက နားနေဖို့နေရာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီတပ်တွေက လေယာဉ်နဲ့လာပစ်လို့လေ အဲဒါကြောင့် ထိုင်းအစိုးရကို မေတ္တာရပ်ခံချင်တာက စစ်ရှောင်တွေ ခေတ္တခန ခိုလှုံဖို့အတွက် ထိုင်းအစိုးရအနေနဲ့ စစ်ဘေးရှောင်တွေကို ထိုင်းနိုင်ငံထဲကို ဝင်ခွင့်ပေးစေချင်တယ်။ အဲလို ခေတ္တခန လာရောက်ခိုလှုံတဲ့အခါမှာ နိုင်ငံတကာအနေနဲ့ ကုန်ကျမယ့် ကုန်ကျစရိတ်တွေကို ထိုင်းအစိုးရကို ကူညီပေးစေချင်တယ်။ လူသားချင်းစာနာထောက်ထားမှု အကူအညီပေါ့နော။ ပြီးတော့ UN ပဲဖြစ်ဖြစ် နိုင်ငံတကာပဲဖြစ်ဖြစ် ကူညီထောက်ပံမှုတွေ ပေးပို့လို့ရအောင် ထိုင်းအစိုးရနဲ့ စကားပြောပေးဖို့ပေါ့” ဟုပြောသည်။
ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၅ က မတ် ၂၇ ရက်တွင် အာဏာသိမ်းစစ်ကောင်စီ၏ အရေးပါသည့် တပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်များနှင့် KNU တပ်မဟာ ၅ တို့အကြား စစ်ရေးတင်မာမှုများ ပိုမိုရှိလာပြီး တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလာသည့်အတွက် ဒေသခံများမှာ ထိုင်း-မြန်မာနယ်စပ်ရှိ သံလွင်မြစ်ကမ်းနားတစ်လျှောက်နှင့် တောထဲတောင်ထဲမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ကရင်အရပ်ဖက်အဖွဲ့အစည်းမျာက ပြောသည်။