ကလေးမြို့နယ် သံဖိုကျေးရွာကို တစ်အိမ်တက်ဆင်း တူမီးသေနတ်များ ပိုက်စိပ်တိုက်ရှာဖွေမည်ဟု ယမန်နေ့ည (ဧပြီ ၁ ရက်) က အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များက ခြိမ်းခြောက်ပြောဆိုသဖြင့် တစ်ရွာလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
သံဖိုကျေးရွာသားတစ်ဦးက “မနေ့ညက စစ်သားတွေရွာထဲကိုဝင်လာတယ်။ ကျေးရွာဥက္ကဌဟောင်းအိမ်သွားပြီးမှ ရွာမှာ တူမီးသေနတ်ဘယ်လောက်ရှိလဲ။ မနက်ဖြန်ကျရင် ခင်များတို့ရွာကို သန့်ရှင်းရေးလုပ်မယ်ဆိုပြီး ပြောသွားတယ်။ သူလည်း မနေ့ညတွင်းချင်းပဲ ထွက်ပြေးသွားတယ်။ သူ့သမီးရဲ့ဆိုင်ကိုလည်း စစ်သားတွေက သော့ဖျက်ပြီးဝင်တယ် ပစ္စည်းတွေလည်း ယူသွားတယ်လို့သိရတယ်" ဟု ပြောသည်။
ယင်းကိစ္စကြောင့် သံဖိုကျေးရွာသားအများစုသည် ဘေးလွတ်ရာတောထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ရွာတွင် သက်ကြီးရွယ်အိုတစ်ချို့ သာကျန်ရှိသည်ဟု ၎င်းကဆက်ပြောသည်။
“တစ်ရွာလုံးနီးပါး ထွက်ပြေးကြပြီ ငါးပုံမှာ တစ်ပုံလောက် သက်ကြီးရွယ်အိုတွေလောက်ပဲ ရွာမှာကျန်တော့တယ်။ ဒုက္ခသည်ဘဝ ရောက်ကုန်ကြပြီ။ မထွက်ပြေးကြဘူးဆိုရင် ရွာမှာ စစ်သားတွေဝင်လာပြီး ပစ်သတ်ခံရမှာ စိုးရိမ်ရတယ်လေ" ဟု ပြောသည်။
ယမန်နေ့ကလည်း ကလေး-ဂန့်ဂေါမြို့ကားလမ်းမနဘေးရှိ နတ်ချောင်း၊ ငါဖား၊ ချောင်းခွကျေးရွာများတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ပစ်ခတ်ဖြိုခွင်းမှုကြောင့် ချောင်းခွကျေးရွာမှ လူလေးဦးနှင့် ဝေဘူလကျေးရွာမှ တစ်ဦးသေဆုံးခဲ့ကြသည်။
ယခုလက်ရှိတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ချောင်းခွကျေးရွာတွင် လှုပ်ရှားနေပြီး ပစ်ခတ်မှုများလည်းရှိနေသည်ဟု သိရသည်။
Published
Friday, April 02, 2021
သံဖိုကျေးရွာတွင် တူမီးသေနတ်များ ပိုက်စိပ်တိုက်ရှာဖွေမည်ဟု စစ်တပ်ကပြောသဖြင့် တစ်ရွာလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရ