ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ အခြေစိုက်နယ်မြေကို အာဏာသိမ်းစစ်ကောင်စီ၏တပ်က လေယာဉ်ဖြင့်ဗုံးကြဲခဲ့သဖြင့် ဒေသခံ ကိုးဦးထိမှန်ပြီး ခုနစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
KNU တပ်မဟာ ၃ ညောင်လေးပင်ခရိုင် ဆောထိ (ရွှေကျင်) မြို့နယ်ကို မတ် ၃၀ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့က လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆောထိ (ရွှေကျင်) မြို့နယ် ကရင်လူမှုရေးရာအဖွဲ့တာဝန်ရှိသူ စောအယ်စတားက ပြောသည်။
“ကျွန်တော်တို့ ဆောထိမြို့နယ်ပေါ့နော်။ ဒီနေ့ နေ့ခင်း ၁၂ နာရီခွဲမှာ ကျွန်တော်တို့ နယ်နမချောင်းဖျား ကိုမိုးအောင်ရဲ့ ကုမ္ပဏီပေါ့နော်။ သတ္တုတွင်းတူးဖော်တဲ့ ကုမ္ပဏီပေါ့။ ရွှေသတ္တုပေါ့နော်။ ရွှေသတ္တုတူးဖော်တဲ့ နေရာမှာ သူကကြဲချတဲ့အခါကျတော့ အဲဒီမှာ ကျွန်တော်တို့ ကိုးဦးထိတဲ့အနက်မှာ ကျွန်တော်တို့ ခုနစ် ဦးကသေဆုံးသွားပြီပေါ့နော်။ ကျန်တဲ့ဒဏ်ရာရတဲ့ နှစ်ယောက်ကတော့ တစ်ယောက်က တော်တော် အခြေအနေဆိုးတယ်” ဟု ၎င်းကပြောသည်။
စစ်ကောင်စီမအဖွဲ့က လေယာဉ်ဖြင့် ဗုံးကြဲခဲ့သောနေရာသည် မဲကဒိဒေသတွင်ဖြစ်ပွားခဲ့ပြီး ဆောထိ (ရွှေကျင်) နှင့် မူတြော် (ဖာပွန်) တို့ နယ်စပ်ချင်းထိစပ်သည့် နေရာတွင်ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ မဲကဒိဒေသ မဲကဒိဒေသရဲ့ အပေါ်ဖက်မှာ ကုမ္ပဏီတစ်ခုရှိတယ်။ ဦးမိုးအောင်ကုမ္ပဏီမှာရှိတဲ့ ရွှေစက်လမ်းပေါ့ဗျား။ အဲဒါကို သူတို့က လေယာဉ်နဲ့ ဗုံးလာကြဲသွားတာ ကျွန်တော်တို့ ခုနစ်ယောက်ထိသွားတယ် သေသွားတယ်။ ကျသွားတယ်ပေါ့။ ကျွန်တော်တို့ ရွှေကျင်မြို့နယ်နဲ့ ဖာပွန်မြို့နယ်ကြားပေါ့ နယ်စပ်ပေါ့ ရွှေကျင်နဲ့ ဖာပွန် ထိစပ်တဲ့နယ်မြေပေါ့”ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် မတ် ၂၇ ရက် နောက်ပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ တပ်ဖွဲ့ဝင်များက စစ်ကောင်စီ၏ အရေးပါသည့် တပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းယူပြီး နောက်ပိုင်းတွင် နှစ်ဖက်စစ်ရေးတင်မာမှုများ မြင့်တက်ခဲ့ပြီး တိုက်ပွဲများမှာ နေ့တိုင်းနီးပါးဖြစ်ပွားနေသည်ဟု ဆိုသည်။
မတ် ၂၇ နှင့် ၂၈ ရက်နေ့ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက တပ်မဟာ ၅ ဧရိယာအတွင်းသို့ လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်သည့်အတွက် ဒေသခံပြည်သူ သုံးဦးသေဆုံးခဲ့ပြီး ကိုးဦး ထိခိုက်ဒဏ်ရာရှိခဲ့သည့်အပြင် လူနေအိမ်များလည်း မီးလောင်ပျက်ဆီးခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။
ထိုအခြေအနေများသည် လက်ရှိတွင် KNU တပ်မဟာ ၃ ဖက်တွင်ပါ ဖြစ်ပွားလာသည့်အတွက် ဒေသခံများ၏ လူမှုဘဝလုံခြုံရေးအတွက် စိုးရိမ်နေရသည့်အခြေအနေတွင် ရှိနေသည်ဟု ညောင်လေးပင်ခရိုင် ကရင်လူမှုရေးရာတာဝန်ရှိသူ စောစိပတြော်က ပြောသည်။
စောစိပတြော်က “အခုက လူမှုဘဝလုံခြုံမှုဆိုတာ ပြည်မမှာမကပဲ ကျနော်တို့ တိုင်းရင်းသားဒေသတွေမှာပဲ လူမှုဘဝလုံခြုံမှုဆိုတာ ဘာမှမရှိတော့ဘူးပေါ့။ ဒီလိုမျိုး ဟိုအပေါ်ကနေပြီးတော့ လေယာဉ်နဲ့ လာပစ်ကြတယ်။ အခုကျနော်တို့ မြေပြန့်ကပြည်သူတွေလည်း အဲလိုပဲ ညဖက်ဆိုကြောက်နေရတယ်။ ဟိုဖက်တောင်ပေါ်ဒေသလည်း အကုန်လုံးသူတို့ ညဖက်ဆိုကျင်းတွေ တူးပြီးတော့ အဲလိုမျိုး နေနေရတဲ့အနေအထား ကျနော်တို့ မြေပြန့်ဒေသမှာလည်း အဲလိုမျိုးပဲ နားအမြဲတမ်းစွင့်ထားရတယ်။ အခြေအနေ နေ့တိုင်း ၂၇ ရက်နေ့နောက်ပိုင်းမှာ တောက်လျှောက်ဖြစ်နေတာ ကျနော်တို့ ဒီဖက် ကျောက်ကြီးဖက်မှာလည်း ပစ်ခတ်မှုတွေ လက်နက်ကြီးထုတာတွေ ညတုန်းကလည်းဖြစ်တယ်၊ နေ့တိုင်းပါပဲ။ အဲလိုဖြစ်တဲ့အပေါ်မှာ အခုဒီနေ့ကတော့ နည်းနည်းတော့ ပိုပြီးတော့ အခြေအနေဆိုးရွားတာပေါ့။ ဒီ ကျနော်တို့ တပ်မဟာ ၃ ဖက်မှာ” ဟု ပြောသည်။
စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့အကြား ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့် KNU တပ်မဟာအသီးသီးမှ ပြည်သူများမှာ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ၎င်းတို့အတွက် ရေနှင့် အစားအသောက်များပါသာမက အဖက်ဖက်မှ လိုအပ်မှုများရှိနေသည်ဟု ကရင်လူမှုအသင်းအဖွဲ့များက ပြောသည်။