တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးဒုက္ခသည်များကို လက်မခံပဲ ထိုင်းအစိုးရက ပြန်မောင်းထုတ်နေခြင်းသည် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း ကရင်အရပ်ဖက်အဖွဲ့အစည်းများက ပြောဆိုလိုက်သည်။
ယခုရက်ပိုင်းတွင် KNU တပ်မဟာ ၅ နယ်မြေ မူတြော် (ဖာပွန်) ခရိုင်တွင် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထိုင်းဖက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များကို ထိုင်းအစိုးရဖက်မှ လက်မခံပဲ ပြန်လည်မောင်းထုတ်နေသည့်အပေါ် ကရင်အရပ်ဖက်အဖွဲ့အစည်းအချို့က ပြောဆိုလိုက်ခြင်းဖြစ်သည်။
ကရင်အမျိုးသမီးအစည်းအရုံး KWO အထွေထွေ အတွင်းရေးမှူး နော်ကညောဖောက “အမှားလုပ်နေတဲ့သူ တွေကို သူတို့ပံ့ပိုးကူညီနေတဲ့အတွက် War Crime လို့ပြောလို့ရတယ်။ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်း ရှောင်လာသူတွေကို လက်မခံခြင်းက နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ရာရောက်တယ်။ အဲဒါကြောင့် ထိုင်းကလည်း ဗမာတွေနဲ့အတူတူပဲ သူတို့ဗမာတွေကို ကူညီနေတဲ့အတွက် သူတို့က အမှားတွေကို လုပ်နေတဲ့သူ တွေဖြစ်တယ်။ အဲဒါ International Crime ပဲလေ အမှားလုပ်တဲ့အတွက် ထွက်ပြေးလာတဲ့သူတွေကို အတင်းပြန်ခိုင်းတယ်။ အသက်ဘေးကနေ ထွက်ပြေးလာတဲ့သူတွေကို အတင်းပြန်ခိုင်းတာဟာ နိုင်ငံတကာ ဥပဒေစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ပြီးတော့ အမှားလုပ်နေတာဖြစ်တယ်” ဟုပြောသည်။
မတ် ၂၉ ရက်က သံလွင်မြစ်ကိုဖြတ်ပြီး ထိုင်းဖက်ခြမ်းကို ထွက်ပြေးရောက်ရှိလာသည့် စစ်ဘေးဒုက္ခသည်များကို ထိုင်းအစိုးရဖက်မှ ပြန်လည်ပို့ဆောင်ခံသည့် ဖြစ်စဉ်ရှိ ခဲ့သကဲ့သို့ မတ်လ ၃၀ ရက်နေ့ (ယနေ့) တွင်လည်း စစ်ဘေးရှောင်များကို လက်မခံပဲ မြန်မာဖက်ကမ်းသို့ ထပ်မံပို့ဆောင်ခဲ့သည်။
မြန်မာဖက်ခြမ်းမှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း နှစ်ထောင့်လေးရာကျော်ကို ထိုင်းအစိုးရဖက်က လက်မခံပဲ နေရပ် ပြန်ခိုင်းခဲ့သည်ဟု ဆိုသည်။
လက်ရှိတွင် စစ်ဘေးရှောင်များကို ထိုင်းဖက်က ပြန်လည်ပို့ဆောင်ခဲ့သော်လည်း စစ်ဘေးရှောင်များအနေဖြင့် ၎င်းတို့နေထိုင်ရာ နေရပ်တွင် အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက လေယာဉ်ဖြင့် လာရောက်ပစ်ခတ်မှု စိုးရိမ်သည့်အတွက် တောတောင်များထဲတွင် နေထိုင်နေရသည်ဟု ဆိုသည်။
ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် ပြောရေးဆိုခွင့်ရှိသူ စောလေးကပေါက “သူတို့ပြန်တာကတော့ အီးသူးထ IDP Camp ကိုပဲ ဟိုဖက်ကမ်း ဒီဖက်ကမ်းပဲဆိုတော့ သူတို့သွားနေတဲ့ နေရာပဲ ပြန်ရတာပေါ့ ဒါပေမယ့် ဘယ်လိုမှ နေလို့မရတော့ မောင်းထုတ်ခံရတော့ သူတို့ ပြန်ရတာပေါ့ ဒါပေမယ့် သူတို့ အနေနဲ့ ကတော့ တကယ့် ငရဲရောက်နေသလို ဖြစ်သွားတာပေါ့။ နေလို့မရတဲ့နေရာမှာ ပြန်နေရတယ်။ ကိုယ့်အသက်ကို ဖက်နဲ့ ထုတ်ထားရတဲ့ အနေအထားမျိုးပေါ့နော” ဟုပြောသည်။
နော်ကညောဖောကလည်း “ဒီနေ့ ပြန်မောင်းထုတ်တာတော့ အပြတ်အသတ်ပဲ အီသူးထကို ပြန်သွားတဲ့သူ တွေက ရွာထဲမှာ မနေရဲတော့ အဲဒီအနီးအနားမှာရှိတဲ့ တောတွေတောင်တွေထဲမှာ နေနေကြတယ်။ ရွာသား တွေက သူတို့ကို လေယာဉ်နဲ့ လာပစ်မှာ ကြောက်လို့ အတင်းမောင်းထုတ်တော့ ပြန်ရတာပဲလေ။ ကျမတို့အမြင်တော့ ထိုင်းက ဗမာနဲ့အတူူတူပဲ ထိုင်းဖက်က ဘယ်လိုပြောသလဲဆိုတော့ အီသူးထရွာဆိုတာ ပြည်သူတွေပဲနေတဲ့နေရာဖြစ်တဲ့အတွက် စစ်တပ်က လေယာဉ်နဲ့ ပြည်သူတွေကို လာမပစ်ဘူးဆိုပြီးတော့ သူတို့က ထွက်ပြေးလာတဲ့သူတွေကို ပြန်ခိုင်းတယ်” ဟုပြောသည်။
သို့သော် ဒဏ်ရာရရှိသူအချို့မှာ ICRC ရောက်ရှိလာပြီးနောက် ထိုင်းဖက်ခြမ်းက ဆေးရုံတွင် ဆေးကုသမှုခံယူခွင့်ရခဲ့ပြီး ဆေးကုသခံမည့် ၇ ဦးတွင် ၃ ဦးမှာ အရေးအပေါ် စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေသည်ဟု နော်ကညောဖောက ပြောသည်။
ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ စောလေးကပေါက “ကျနော်တို့ အနေနဲ့ကတော့ ထိုင်းအစိုးရဖက်ခြမ်းကို ပြောချင်တာကတော့ ကျနော်တို့ အမှန်တကယ် မြန်မာပြည်မှာ ရှိတဲ့ ပြည်သူတွေဟာ စစ်မက်ဒဏ်ကို ခံရလို့ပဲ လုံးဝနေစရာမရှိလို့ပဲ သူတို့ နောက်ဆုံး ဒီကမ်းနားမှာတောင် နေလို့ မရတော့လို့ ထိုင်းဖက်ခြမ်း ကူးလာတဲ့အခါမှာတော့ လူသားချင်းစာနာမှု အထောက်အကူပြုတာတော့ ပြသသင့်တယ်ပေါ့နော။ ဒီလူတွေက ဘယ်လိုမှ မြန်မာပြည်မှာ အခြေချလို့မရတဲ့ အနေအထားမျိုးမှာ မြန်မာပြည်ကို ပြန်ရင်လည်း သေဖို့ပဲရှိတဲ့ အနေအထားမျိုးမှာတော့ သူတို့အနေနဲ့ကတော့ ဒီလူသားချင်းစာနာမှုဆိုတဲ့စိတ်ဓာတ်ကို ပြသပြီးတော့မှ လက်ခံသင့်တယ်လို့တော့ ကျနော်တို့ မြင်တယ်ခင်ဗျား” ဟုပြောသည်။
စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးဒုက္ခသည်များသည် များသောအားဖြင့် ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်မိခင်၊ သက်ကြီးရွယ်အိုများနှင့် နာမကျန်းသူများလည်း ပါရှိနေပြီး ၎င်းတို့အတွက် ရေနှင့် အစားအသောက်များအပြင် အဖက်ဖက်မှ အကူအညီများ လိုအပ်နေသည်ဟု ကရင်အရပ်ဖက်အဖွဲ့အစည်းများက ဆိုသည်။
စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များမှာ၊ မယ်နူထာရွာ၊ သီးကော်ထာရွာ၊ အီးသူထာရွာ၊ အူးဝေကလိုးရွာ စသည့် ကျေးရွာများမှာ သံလွင်မြစ်ကမ်းနှင့်နီးသည့် ကျေးရွာများဖြစ်သည့်အတွက် ထိုင်းဖက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော်လည်း ထိုင်းအစိုးရက လက်မခံပဲ ပြန်လည်မောင်းထုတ်ခဲ့သည်ဟု ကရင်အရပ်ဖက်အဖွဲ့အစည်းများက ပြောသည်။
ထို့အပြင် တကောတိုဘောရွာ၊ ဒေပိုနိုရွာ၊ သဒါးဒဲရွာ စသည့် သံလွင်မြစ်နှင့်မနီးသည့် ကျေးရွာများမှ ပြည်သူများမှာ တိုက်ပွဲများကြောင့် တောထဲတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။
မတ် ၂၇ ရက်က ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ က အာဏာသိမ်းစစ်ကောင်စီ၏ အရေးပါသည့် တပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်များနှင့် KNU တပ်မဟာ ၅ တို့အကြား စစ်ရေးတင်မာမှုများ ပိုမိုရှိလာပြီး တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ယနေ့အချိန်အထိဖြစ်သည်။