ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေပြီး အာဏာသိမ်းစစ်ကောင်စီ၏တပ်က ဝေဟင်ကနေ တိုက်ခိုက်မှုများပြုလုပ်

ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေပြီး အာဏာသိမ်းစစ်ကောင်စီ၏တပ်က ဝေဟင်ကနေ တိုက်ခိုက်မှုများပြုလုပ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေပြီး အာဏာသိမ်းစစ်ကောင်စီ၏တပ်က ဝေဟင်ကနေ တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့၊ တောမှော်-လုံးခင်းကျေးရွာအုပ်စုထဲရှိ ဖဝါကျေးရွာ၊ ကထန်ယန်ရွာကျေးရွာအနီး အနီးတဝိုက် မတ် ၂၈ ရက် နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ကထန်ယန်ရွာ၊ မဇွပ်ယန်ရယ်၊ ဆန်ခါ၊ ဖဝါ တစ်ဝိုက် အဲ့နားမှာ တိုက်ပွဲဖြစ်တယ်။ စစ်တပ်က လက်နက်ကြီးနဲ့ ဆယ်ကြိမ်မကဘူးပစ်တယ်။ ဒီမနက် နာရီလောက်မှာ တိုက်ပွဲရပ်သွားတာ။ တိုက်ပွဲရပ်တာနဲ့ ၆ နာရီခွဲလောက်မှာ ဟာလီကော်ပတာပေါ့။ လေယာဉ်နှစ်စီးနဲ့ တော်မှော်ဖက်ကို လာရောက်ပစ်ခတ်ပြီးမှ ပြန်သွားတာ။ လက်ရှိတော့ အခြေအနေက ငြိမ်နေပါတယ်” ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်မြို့နယ်အတွင်း ယနေ့ နံနက် ၁ နာရီခွဲ အချိန်ခန့်ကစတင်ပြီး နံနက် ၆ နာရီအထိ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်မှုများ ရှိနေသည့်အတွက် တိုက်ပွဲဖြစ်ပွားနေသည့် အနီးအနား ကျေးရွာအချို့ ဒေသခံများလည်း စစ်ဘေးတိန်းရှောင်နေရသည်ဟု သိရသည်။

“ဖဝါကျေးရွာက လူတွေ ထွက်ပြေးနေကြရတယ်။ အိမ်ထောင်စု ၂၀ ကျော် ၃၀ လောက်တော့ လုံးခင်း ကချင်နှစ်ခြင်းဘုရားကျောင်းကို ရောက်လာကြပြီ။ မရောက်လာသေးတာတွေလည်း ရှိတယ်။ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ဖဝါကျေးရွာမှာဖြစ်တာပါ။ တောက်ပကြယ် ကုမ္ပဏီမှာလည်း ပစ်ခတ်မှုဖြစ်တယ်လို့ပြောတယ်” ဟု လုံးခင်းဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဖဝါကျေးရွာရှိ ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟုလည်း လုံးခင်းဒေသခံတစ်ဦးက ဆက်ပြောသည်။

“လက်နက်ကြီးတွေလည်း ဒီနေ့မနက်ပေါ့ သုံးနာရီလောက်မှာ ဘုရားကျောင်းနားက ရဲစခန်းကို သွားပစ်တယ်။ လေးယောက်လောက်ကတော့ လွတ်သွားတယ်လို့ ပြောတယ်။ ကျန်တဲ့ရဲတွေ အကုန်ကျတယ်လို့ ပြောတယ်။ ဒီကျနော်တို့ ဖာဝါကျေးရွာပေါ့၊ အဲ့ဒီက ရဲစခန်းကို KIA က သွားပစ်တာပါ။ KIA ဘက်ကလည်း တစ်ယောက်ကျတယ်လို့တော့ ပြောတယ်။ အတိအကျတော့ မသိသေးဘူး” ဟု အဆိုပါ လုံးခင်းဒေသခံက ဆက်ပြောသည်။

ဖားကန့်မြို့နယ်အတွင်းရှိ ကျောက်စိမ်းတူဖော်ရေးကုမ္ပဏီများတွင်းရှိ အစောင့်ရဲတပ်ဖွဲ့ဝင်များကိုလည်း KIA တပ်က ဝင်ရောက်ပစ်ခတ်မှုများရှိသည်ဟု ဒေသခံများက ပြောသည်။

ဖားကန့်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတိုက်ပွဲများတွင် အာဏာသိမ်းစစ်ကောင်စီ၏တပ်များက လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခြင်း၊ ဝေဟင်ထိုးစစ်ဆင်ခြင်းများကြောင့် ဒေသခံပြည်သူ ထိခိုက်သေဆုံးမှုများရှိသည်ဟု ဒေသခံများက ပြောဆိုမှုများရှိပြီး အတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်တပ်က အာဏာသိမ်းပြီးနောက် မတ် ၁၁ ကစတင်ပြီး ကချင်ပြည်နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အာဏာသိမ်းစစ်ကောင်စီတို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...