သီပေါမြို့နယ်အတွင်း ရှမ်းတပ်ဖွဲ့နှစ်ဖွဲ့အကြား တိုက်ပွဲများကြောင့် ဒေသခံတစ်ရာကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ

သီပေါမြို့နယ်အတွင်း ရှမ်းတပ်ဖွဲ့နှစ်ဖွဲ့အကြား တိုက်ပွဲများကြောင့် ဒေသခံတစ်ရာကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ

ရှမ်းမြောက်ဒေသ သီပေါမြို့နယ်အတွင်း ရှမ်းတပ်ဖွဲ့နှစ်ဖွဲ့အကြား တိုက်ပွဲများဖြစ်ပွားနေသဖြင့် ဒေသခံတစ်ရာကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများနှင့် ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

သီပေါမြို့နယ်၊ ကုန်းဆာကျေးရွာအုပ်စု၊ကျေးရွာများအနီး မတ်လ ၂၂ ရက်နေ့က ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်တော် မြောက်ပိုင်း (SSPP/SSA) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

“အခုက တစ်ရာလောက် ထွက်ပြေးလာကြတယ်။ သူတို့ရွာနားမှာ ၂၂ ရက်ညက တိုက်ပွဲဖြစ်တယ်လို့ပြောတယ်ဗျ။ ရွာနားလေးအထိ တိုက်ပွဲကဖြစ်လာတယ်၊ လက်နက်ကြီးတွေ ဘာတွေလည်း ကျလာတော့ မနေရဲကြတော့ဘူး။ အခုလည်း ရွာမှာ ကျန်ခဲ့တဲ့လူတွေလည်း ရှိတယ်လို့တော့ ပြောတယ်။ အခု သီပေါ ဒီအောင်မင်္ဂလာဘုန်းကြီးမှာပဲဗျ။ ကျနော်တို့ ရတဲ့စာရင်းကတော့ အိမ်ထောင်စု ၃၃ စုရှိတယ် တစ်ရာတော့ မပြည့်ဘူး” ဟု ထွက်ပြေးလာကြသည့် စစ်ရှောင်များကို သွားရောက်ကူညီခဲ့သူတစ်ဦးက ပြောသည်။

ဆွန်လုံကျေးရွာအပြင် အနီးအနားက အခြားကျေးရွာများမှ ထွက်ပြေးလာကြသည့် စစ်ရှောင်ပြည်သူများကို ယခုခါ သီပေါမြို့ရှိ အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းတွင် နေရာချထားပေးသည်ဟု သွားရောက်ကူညီခဲ့သူက ပြောသည်။

“အိမ်ထောင်စု ၃၃ စုက ရွာသားတွေအတွက်တော့ အခုက ကျနော်တို့သီပေါက ပရဟိတအဖွဲ့တွေ လူငယ်တွေ ရပ်မိရပ်ဖတွေက ကူညီပေးထားတယ်။ စားစာရာတွေ စီစဉ်ပေးထားတယ်။ သူတို့ ဒီရွာသားတွေပြောတာတော့ ထပ်ပြီး ရောက်လာဖို့လည်း ရှိသေးတယ်။ လောလောဆယ်တော့ တခြား ဘာမှသိပ်လိုတာမျိုးတော့ မရှိသေးပါဘူး။ ရက်ကြာလာရင်တော့ မလွယ်ဘူးပေါ့ဗျာ” ဟု ၎င်းကပြောသည်။

ထို့ပြင် စားသောက်စရာများကိုလည်း သီပေါဒေသခံများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက  တတ်နိုင် သမျှပံ့ပိုးပေးထားရသည်ဟု ပြောသည်။

အဆိုပါ တိုက်ပွဲအခြေအနေများနှင့်ပတ်သက်၍ နှစ်ဖက်လက်နက်ကိုင်များအား ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ထို့အပြင် နမ္မတူမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်များအချင်းချင်းကြား ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် စစ်ရှောင်ပြည်သူများ ယနေ့အချိန်ထိ နေရပ်မပြန်နိုင်သေးပဲ မန်စံကျေးရွာထဲက ဘုန်းတော်ကြီးကျောင်းတွင် တစ်လကျော်အကြာ စစ်ဘေးရှောင်နေကြရသူများလည်း ရှိနေစဲဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၁၃ ရက်ကတည်းက SSPP၊ TNLA ပူးပေါင်းတပ်ဖွဲ့များနှင့် RCSS တပ်တို့အကြား ကျောက်မဲမြို့ နယ် တော့ဆန်၊ လွယ်အံကျေးရွာအုပ်စုနှင့် နမ္မတူမြို့နယ် မန်ဝါကျေးရွာအနီးတို့တွင် နှစ်ဖက်ကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေကြရသည်မှာ ယနေ့အချိန်ထိဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...