လားရှိုးမြို့တွင် ဗုံးပေါက်ကွဲမှု နှစ်ရက်ဆက်ဖြစ်ပွား

လားရှိုးမြို့တွင် ဗုံးပေါက်ကွဲမှု နှစ်ရက်ဆက်ဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ဗုံးပေါက်ကွဲမှု နှစ်ရက်ဆက်ဖြစ်ပွားခဲ့သည်ဟု ဒေသခံများကပြောသည်။

လားရှိုးမြို့၊ ရပ်ကွက် (၁) တွင် မတ် ၂၃ ရက်၌ ဗုံးပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွားခဲ့ရာ ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

“ဒီနေ့က အဲ့ဒီက ရပ်ကွက် (၁) နယ်မြေ (၉) ထဲက ဦးတင်သန်းဆိုတဲ့လူအိမ်မှာ ပေါက်ကွဲတာ၊ ကလေးလည်း နှစ်ယောက်ဒဏ်ရာရတယ်။ ရပ်ကွက်ကလူတွေပြောတာတော့ ဒီနေ့ (မတ် ၂၃ ရက်) နေ့လည် သုံးနာရီမတ်တင်းမှာ နှစ်ခါပေါက်တယ်။ လေးနာရီမှာ တစ်ခါပေါက်တယ်။ အဲ့ဒီ ဦးတင်သန်းကတော့ စစ်တပ်က အငြိမ်းစားလို့ပြောကြတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ဖြစ်ပွားခဲ့သည့် ရပ်ကွက် (၁) က ပေါက်ကွဲမှုမှာ စစ်တပ်မှ အငြိမ်းစားယူထားသူတစ်ဦး၏ အိမ်ဖြစ်ကြောင်း၊ အဆိုပါပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူလည်းရှိကြောင်း လားရှိုးဒေသခံများက ပြောသည်။

“ဟုတ်တယ်၊ ကျမကိုယ်တိုင်ကြားတာပါ။ ဗုံးသံက ကျမတို့နေရာနဲ့ သိပ်မဝေးဘူး။ ဒီရပ်ကွက် ၁၊ မန္တလေးအထွက် လမ်းနားမှာပဲ။ ရန်တိုင်းအောင်ဘုရားနားလောက်မှာပဲထင်တယ်။ ခန့်မှန်းကြည့်မယ်ဆိုရင်။ ဗုံးသံက တော်တော်လေးကျယ်တယ်။ ဒီနေ့လည်း ဗုံးသံလည်းကြားရတယ်။ မနေ့ကလည်း ဗုံးသံတွေကြားရတယ်။ ဒီနေ့ရဲ့ ပေါက်ကွဲမှုက ကျမတို့ရဲ့ ရပ်ကွက် ၁ မှာပဲ၊ အိမ်တွေတောင်မှ တုန်သွားတာ၊ အဲ့နားမှာ ကားကြီးဝန်းလည်း တစ်ခုရှိတယ်” ဟု လားရှိုးရပ်ကွက် (၁) က ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် မတ် ၂၂ ရက် မွန်းလွဲပိုင်းအချိန်ကလည်း လားရှိုးမြို့ ရပ်ကွက် (၄) နယ်မြေအတွင်းရှိ ရဲရိပ်သာတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

“မနေ့ကတော့ ဖြစ်တာတော့ ဒီအတိုင်းပဲ သူတို့လိုက်စစ်တယ်။ စစ်ပြီးတော့ ဘာမှမတွေ့တော့ အဲ့အတိုင်းပဲ ပြီးသွားတယ်။ ဒီနေ့ကတော့ အခုအချိန်ထိ ရဲနဲ့စစ်တပ်က အဲ့ရပ်ကွက်ထဲမှာ ရှိနေတုန်းပဲ” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ဆက်ပြောသည်။

အဆိုပါ ရဲရိပ်သာရုံးအတွင်းက ပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာရရှိသူ မရှိသော်လည်း ယနေ့ဖြစ်ပွားသည့် လားရှိုးမြို့ ရပ်ကွက် (၁) အတွင်းက ပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာရရှိသူ နှစ်ဦးရှိကြောင်း ဒေသခံများက ပြောသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...