ရခိုင်တွင် ဟိုတယ်နှင့်ဧည့်ရိပ်သာ ၅၀ ကျော်ကို အာဏာသိမ်းစစ်ကောင်စီက ပြန်လည်ဖွင့်ခွင့်ပြု၊ ခရီးသွားလာမှုနည်းသဖြင့် ဟိုတယ်များ အခက်တွေ့နေ

ရခိုင်တွင် ဟိုတယ်နှင့်ဧည့်ရိပ်သာ ၅၀ ကျော်ကို အာဏာသိမ်းစစ်ကောင်စီက ပြန်လည်ဖွင့်ခွင့်ပြု၊ ခရီးသွားလာမှုနည်းသဖြင့် ဟိုတယ်များ အခက်တွေ့နေ
by -
မင်းထွန်း (DMG)

ကိုဗစ်ကြောင့် ပိတ်ထားခဲ့ရသည့် ရခိုင်ပြည်နယ်မှ ဟိုတယ်နှင့် အဆင့်မြင့်ဧည့်ရိပ်သာ ၉၈ လုံးအနက် လက်ရှိတွင် ၅၂ လုံးကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားကြောင်း အာဏာသိမ်းစစ်ကောင်စီ၏ ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ 

အဆိုပါဟိုတယ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှချမှတ်ထားသည့် ညွှန်ကြားချက်များနှင့် ညီ/မညီစီစစ်ကာ ဖွင့်လှစ်ခွင့်ပြုထားခြင်းဖြစ်ပြီး စစ်တွေတွင် ၁၅ လုံး၊ သံတွဲ ၂ရ လုံး ၊ကျောက်ဖြူ ၈ လုံး၊ ဂွ ၁ လုံး၊ မြောက်ဦး တွင် ၁ လုံး အသီးသီးဖွင့်ထားခြင်းဖြစ်သည်။

လက်ရှိဖွင့်လှစ်ထားသည့်ဟိုတယ်များမှာ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ခရီးသွားလာရောက်မှုနည်းပါးသဖြင့် ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့်အရှုံးနှင့်ရင်ဆိုင်နေရသည်ဟု ကျောက်ဖြူမြို့ ဗာရာဏသီဟိုတယ်မှ FO Manager ဦးဇော်လင်းထွန်းက ပြောသည်။

“ဒီနှစ် ၁ လပိုင်းအထိအဆင်ပြေပါသေးတယ်။နှစ်လပိုင်းမှာဆိုရင် ဧည့်သည်တွေက သိသိသာသာအရမ်း နည်း သွားပါတယ်။ ဒီနေ့ဆိုရင် ဘယ်သူမှမရှိတော့ဘူး။တစ်ယောက်ရှိတာလည်း သတ်မှတ်ရက်ပြည့်လို့ ထွက်သွားပြီ” ဟု ၎င်းကပြောသည်။

ယခင်ကိုဗစ်ကာလတွင် ဗာရာဏသီဟိုတယ်ကို တစ်လလျှင် ခရီးသွား ၂၀၀ ခန့် လာရောက်တည်းခိုမှုများ ရှိခဲ့သော်လည်း (ဖေဖော်ဝါရီ ၁ ရက်) တပ်မတော်က နိုင်ငံတော်အာဏာကိုသိမ်းပြီးနောက်တွင် အဆိုပါ ဟိုတယ်အား တစ်လလျှင် ခရီးသွား ၅၀ ကျော်ခန့်သာ ရောက်ရှိကြောင်း ဦးဇော်လင်းထွန်းက ဆိုသည်။

လက်ရှိနိုင်ငံရေးအခြေအနေများကြောင့် လက်ရှိဖွင့်လှစ်ထားသည့် ဟိုတယ်နှင့် ဧည့်ရိပ်သာများတွင် ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်တည်းခိုမှု နည်းပါးနေသဖြင့် ဟိုတယ်လုပ်ငန်းရှင်များ အခက်အခဲနှင့်ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ငပလီမြို့ရှိ Royal လင်းသာဟိုတယ်ပိုင်ရှင် ဦးခင်မောင်ထွန်းက ဆိုသည်။

“ခရီးသွားကတော့ မရှိသလောက်ပဲ။အလုပ်မဖြစ်တော့ အရှုံးတွေပေါ်တာပေ့ါ။ခရီးသွားက ပုံမှန်တော့မရှိဘူး၊ အများဆုံးကတော့ တစ်လကို ဆယ်ကိုးခန်းလောက်တော့ရတယ်။အဲတာတောင်မှ ဒီနေပြီးတော့ စစ်တွေ၊ ကျောက်ဖြူတို့ကို ကားနဲ့လာတဲ့သူတွေက ညမှောင်တဲ့အခါမသွားဖြစ်လို့ တစ်ညဝင်အိပ်တာတွေရှိတယ်။ အလည်လာတဲ့လူတွေက မရှိဘူး” ဟု သူကပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဒေသမတည်ငြိမ်မှုအပြင် ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုလည်းရှိခဲ့ခြင်းကြောင့် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွင်း ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှုမှာ ၂၀၁၉ ခုနှစ်ထက်၂၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ပြည်နယ်ဟိုတည်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီလအတွင်းတွင် DMG သို့ ပြောကြားထားသည်။

ပြည်နယ်အတွင်း ခရီးသွားဝင်ရောက်မှုကျဆင်းခဲ့သည်နှင့်အမျှ ခရီးသွားလုပ်ငန်းအပေါ် မှီခိုလုပ်ကိုင်နေကြသည့် ဒေသခံများမှာလည်း အလုပ်အကိုင် အဆင်မပြေမှုများနှင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...