ဦးလှိုင်ဝင်း။ ။ ခြံစောင့် အလုပ်သမား
မြန်မာပြည်မှာ အလုပ်အကိုင်အခွင့်အလမ်းလေးတွေ များများရချင်တာပေါ့။ အလုပ်အကိုင်အခွင့်အလမ်းလေးတွေရမှလည်း အလုပ်အဆင်ပြေကြမှာပေါ့။ ဗမာပြည်မှာ အလုပ်အကိုင်အခွင့်အလမ်း မရှိတဲ့အခါကျတော့ သူများနိုင်ငံကိုသွားပြီး အကုန်လုံး အလုပ်လုပ်နေကြရတယ်။ အဲလိုမျိုးကျတော့ ကိုယ့်နိုင်ငံမှာ အလုပ်အကိုင်များများ ဖြစ်စေချင်တာပေါ့။
အောက်ခြေအလုပ်သမားတစ်ယောက်အနေနဲ့ကတော့ အလုပ်ကြမ်းသမားတစ်ယောက်ဆိုလို့ရှိရင် တစ်နေ့ကို ငါးထောင်ခြောက်ထောင်လောက်မရရင် အဆင်မပြေနိုင်ဘူး။ ပန်းရံလုပ်တာပဲဖြစ်ဖြစ်၊ ဘာလုပ်တာပဲ ဖြစ်ဖြစ်ပေါ့လေ။ တစ်နေ့ကို အောက်ခြေက ငါးထောင်လောက်ရမှ စားလို့သောက်လို့ အဆင်ပြေမယ်လေ။ အခု အပြင်မှာ ထမင်းတစ်နှပ်စာ လမ်းဘေးမှာ စားရင်တောင်မှ ထမင်းတစ်နှပ်စားရင် ထောင့်နှစ်ရာ ထောင့်သုံးရာ ရှိမယ်။ တစ်နှပ်ကို ထောင့်နှစ်ရာ၊ ထောင့်သုံးရာဆိုလို့ရှိရင် လူတစ်ယောက် ထမင်းနှစ်နှပ်လောက်တော့ စားမှာပဲမဟုတ်လား။ ထမင်းနှစ်နှပ်ဆို သုံးထောင်ကုန်မယ်။ မိသားစု ရှိတဲ့ အခါကျရင် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ အခု ဆန်စျေးနှုန်း၊ ကုန်စျေးနှုန်းတွေကလည်း ကြည့်လိုက်ရင် ရတဲ့ဝင်ငွေက ဒီတိုင်းက ဒီတိုင်းပဲ ဘာမှ မထူးခြားဘူးလေ။ တစ်နေ့ခြောက်ထောင်လောက်တော့ ဖြစ်စေချင်တာပေါ့ အဲလို့မျိုးမှ အဆင်ပြေမှာပေါ့နော်။
ကျနော့်သူဌေးကျနော့်ကို ပြောခဲ့တယ်။ ပြောတော့ ပြောတာပေါ့လေကွာ. ဆေးခန်းဘာညာ သွားဖို့ လိုအပ်လို့ရှိရင်တော့ ပြောပေါ့။ ဒါပေမဲ့ ကိုယ်ကလည်း အဲလိုမျိုး မပြောချင်တဲ့အခါကျတော့ ကိုယ့်ဟာကိုယ်ပဲ ကုတာပေါ့။ ကိုယ့်ဟာကိုယ်ပဲ အပြင်မှာပဲ ဆေးခန်းသွားလိုက်တာပေါ့။ ကိုယ့်စရိတ်နဲ့ ကိုယ်သွားတဲ့အခါကျတော့ ကိုယ်ရတဲ့ ပိုက်ဆံက ကုန်ပြီလေ။ တစ်လကို ဆေးခန်းသုံးခေါက်လောက် သွားနေတဲ့အခါကျတော့ ဆေးခန်းတစ်ခေါက်လောက် သွားလို့ရှိရင် ပိုက်ဆံက တစ်သောင်းလောက်ကုန်တယ်လေ။ ဆေးဖိုးဝါးခ ကျတော့လည်း သူတို့က ကိုယ်ကလည်း မတောင်းတဲ့အခါကျတော့ သူလည်း မပေးဘူး။ အစ်ကို စပြီးတော့ ၀င်ကတည်းကလည်း စာရွက်စာတမ်းနဲ့ လုပ်ထားတဲ့ ကိစ္စမဟုတ်တဲ့အခါကျတော့လည်း ပုဂ္ဂလိက အလုပ် သူဌေးလုပ်တဲ့အခါကျတော့လည်း နေမကောင်းရင် ကျန်းမာရေးဘာညာ ကြည့်ရှုစောင့်ရှောက်မယ်ဆိုတာ မရှိဘူး။ အဲလို မရှိတဲ့အခါကျတော့ ကိုယ်ဖြစ်ကိုယ်ခံရမှာပဲလေ။ ကိုယ့်ကိုယ်ကို ချင့်ချိန်ပြီး လုပ်ရတာပေါ့။
ဦးကိုနိုင်ဝင်း။ ။ ရာဘာခြံစောင့် အလုပ်သမား
ကိုယ့်ရပ်ကိုယ့်ရွာကို စွန့်ခွာပြီးတော့မှ လာလုပ်ကြတာပေါ့နော်။ လာလုပ်ကျတဲ့ အခါမျိုးဖြစ်တော့ ဘယ်လိုပြောမလဲ ဥပမာ- လူတစ်ယောက်မှာ အခုခေတ်မှာ တစ်နေ့ကို ငါးထောင်ဆိုတာက ကျနော်တို့ အလုပ်သမားတွေ အနေနဲ့က နောက်ပိတ်ဆုံး နှစ်ထောင်သုံးထောင်လောက် စျေးဆိုင်မှာ ထွက်ဝယ်ပြီး ဘာမှ မပိုတော့ဘူး။ အာမခံချက် သိပ်မရှိဘူးပေါ့နော်။ ယောကျ်ားတစ်ယောက်ရဲ့ လုပ်အားက အဖျင်းဆုံး မဟုတ်ဘူးဆိုလို့ရှိရင် တစ်နေ့ကို ရှစ်နာရီ လုပ်ရင်ဆိုတောင်မှပဲ ငါးထောင်၊ ခြောက်ထောင်ပေါ့နော်။ အဲထက် လျော့သွားရင်တော့ မရဘူး။ ဒါအလုပ်သမားတွေဘက်က ရပ်တည်ပြီး ပြောတာမဟုတ်ပါဘူး။ အမှန်အကန် ကျနော်ကြံုတွေ့နေရတဲ့ အဖြစ်အပျက်လေးကို တင်ပြတာ ။
ကျော်ဇင်ထွန်း။ ။ သံပန်းရုံ
ကျနော်တို့နိုင်ငံ အနှံ့လောက်ရှိတယ်။ ရခိုင်ကလည်း ရှိတယ်။ မန္တလေးဘက်ကလည်းရှိတယ်။ တောင်ငူတို့၊ ဧရာဝတီဘက်ကတို့ တော်တော်များပါတယ်။ ကျနော်တို့ ရုံမှာ အလုပ်သမားတွေကတော့။ ကျနော်တို့ ဒီ ကရင်ပြည်နယ်ကလူတွေ နည်းနည်းပါးပါး ။ အလုပ်သမား အယောက် ၂၀ လောက်ရှိတယ်။ ဖျားနာလာတာမျိုးတွေရှိရင်တော့ ကျနော်တို့ အလုပ်ခွင်မှာ မတော်တဆ ထိခိုက်သွားတို့ဘာတို့ဆိုရင် ကျနော်တို့အဲလိုမျိုး ဆေးရုံ၊ ဆေးခန်းတို့ ပို့ပေးတယ်။ ကုန်ကျစရိတ်တွေအားလုံးကို ဆရာက တာဝန်ယူပေးတယ်။ ပြီးတော့ ကျနော်တို့ အလုပ်မဆင်းနိုင်တဲ့အချိန်မှာလည်း ဆရာက ကျနော်တို့ကို ကြည့်ရှုထားပေးတယ် စောင့်ရှောက်ထားပေးတယ်။