နောင်ချိုလူထုသပိတ်မှ လူငယ်နှစ်ဦးကို အာဏာသိမ်းစစ်ကောင်၏ တပ်ဖွဲ့ဝင်များက ကားနှင့်တိုက်ကာဖမ်းဆီး

နောင်ချိုလူထုသပိတ်မှ လူငယ်နှစ်ဦးကို အာဏာသိမ်းစစ်ကောင်၏ တပ်ဖွဲ့ဝင်များက ကားနှင့်တိုက်ကာဖမ်းဆီး
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာမှ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသည့် လူထုသပိတ်အပြီးတွင် ဆိုင်ကယ်နှင့် လူစုခွဲလာသော လူငယ်နှစ်ဦးကို အကြမ်းဖက်စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက အရပ်သား၏ကားနှင့် လိုက်လံတိုက်ပြီး ဖမ်းဆီးခေါ်ဆောင်မှု မတ် ၂၁ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ယင်းသို့အဖမ်းခံရသည့် လူငယ်နှစ်ဦးသည် ကိုညီညီနှင့် ကိုအောင်ခန့်မင်းတို့ဖြစ်ပြီး၊ ယာဉ်တိုက်ခံရသည့်အတွက် ကိုအောင်ခန့်မင်းသည် မထနိုင်တော့ကြောင်း မျက်မြင်သက်သေတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

 

“သူတို့နှစ်ယောက် ဆိုင်ကယ်သွားရပ်တဲ့အိမ်က ဆမ္မဆယ်ကျေးရွာအုပ်စု စာရေးမရဲ့အကိုအိမ်၊ သူက ကြံ့ခိုင်ရေးက။ လူစုခွဲပြီး သူတို့နှစ်ယောက်က ဆိုင်ကယ်ပြန်လာယူပြီး ထွက်တဲ့အချိန်မှာ ရဲ၊ စစ်သားတွေက အရပ်သားကားနဲ့ တိုက်ချတယ်။ နောက် ရိုက်နှက်ပြီး ခေါ်သွားတာ" မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

 

လက်ရှိကြားသိရသည့်သတင်းအရ ကိုအောင်ခန့်မင်းနှင့် ကိုညီညီကို နောင်ချို့မြို့နယ်ရှိ အမှတ် ၆၀၆ ဒုံးတပ်ရင်းသို့ စစ်ဆေးရန် ခေါ်ဆောင်သွားကြောင်း သိရသည်။

 

နောင်ချိုမြို့နယ်တွင် လူထုဆန္ဒပြမှုများ မပြုလုပ်နိုင်စေရန်အတွက် အကြမ်းဖက်စစ်ကောင်စီက လုံခြုံရေးကားတန်းများ စဉ်ဆက်မပြတ် နောင်ချိုမြို့နယ်အတွင်း လှည်ပတ်နေရာယူနေသည်မှာ တပတ်ကျော်ရှိလာပြီဖြစ်ကြောင်း သိရသည်။

 

ထို့ကြောင့် နောင်ချိုလူထုများ ပြောက်ကျားသပိတ်၊ ဆိုင်ကယ်သပိတ်၊ လူမဲ့သပိတ်၊ အာရုံဦးသပိတ် စသည်ဖြင့် လုပ်နိုင်သော နည်းလမ်းမှန်သမျှဖြင့် ဆန္ဒထုတ်ဖော်လျက်ရှိသည်။

 

ကျေးရွာသပိတ်များကိုလည်း ရွာအလိုက် ပြုလုပ်လျက်ရှိကာ ယနေ့ပြုလုပ်သည့် ဆမ္မဆယ်ကျေးရွာသပိတ်တွင် နောင်ချိုမှ သွားရောက်သည့် လူငယ်နှစ်ဦးကို အကြမ်းဖက်ဖမ်းစီးခံရခြင်းဖြစ်ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...