မော်လမြိုင် ဈေးကြိုကမ္ဘောဇဘဏ်ခွဲ (၂) ဖွင့် ငွေလာထုတ်သူများပြား

မော်လမြိုင် ဈေးကြိုကမ္ဘောဇဘဏ်ခွဲ (၂) ဖွင့် ငွေလာထုတ်သူများပြား
by -
စိုင်းထွန်းစံ (MNA)

မော်လမြိုင်မြို့တွင် ဈေးကြိုကမ္ဘောဇဘဏ်ခွဲ (၂) ကို မတ် ၁၇ ရက် နံနက် ၁၁ နာရီခန့်က စတင်ဖွင့်လှစ်ခဲ့ရာ ငွေလာထုတ်သူ အလွန်များပြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဘဏ်တွင် ငွေလာထုတ်မည့်သူများကို တိုကင်စနစ်ဖြင့် အလှည့်ကျဆောင်ရွက်ပေးနေပြီး စစ်သားနှင့် ရဲများက လုံခြုံရေးဆောင် ရွက်ပေးနေသည်ဟု ဆိုသည်။

“ငွေလာထုတ်တဲ့သူတွေကို အပြင်မှာနေခိုင်းပါတယ်။ နာမည်ပေးရတယ်။ နာမည်ခေါ်မှ သွားရတယ်။ ပြီးတော့ တစ်သုတ်ပြီးတစ်သုတ် ဝင်ရတယ်။ ဘဏ်စာအုပ်တစ်အုပ်ဆိုရင် သိန်း ၂၀ ပဲထုတ်ပေးတယ်” ဟု ငွေလာထုတ်သူတစ်ဦးက ပြောသည်။

တပ်မတော် အာဏာသိမ်းပြီးနောက် မော်လမြိုင်မြို့ရှိ ပုဂ္ဂလိကဘဏ်ဝန်ထမ်းအများစု CDM လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်နေသည့်အတွက် ဘဏ်အများစုမဖွင့်လှစ်နိုင်သေးကြောင်း၊ သို့ရာတွင် ကမ္ဘောဇဘဏ်ခွဲ ၂ တစ်ခုသာ ယနေ့ဖွင့်လှစ်ခဲ့သော်လည်း မော်လမြိုင်မြို့ပေါ်က ကျန်ပုဂ္ဂလိကဘဏ်များ ဆက်လက်ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။

နိုင်ငံတဝန်းတွင် ပုဂ္ဂလိကဘဏ် ၂၅ ခုကျော်ခန့်ရှိရာ ယနေ့အထိ ပုံမှန်ဖွင့်လှစ်နိုင်ခြင်းမရှိသဖြင့် လုပ်ငန်း ကဏ္ဍအသီးသီးတွင် ငွေကြေးပုံမှန် လည်ပတ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“ဘဏ်လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေးအတွက် တိုက်တွန်းဆောင်ရွက်ရန်၊ ပုဂ္ဂလိကဘဏ်ကြီးများကို လုံခြုံရေးဆောင်ရွက်ပေးရန်နှင့် ဘဏ်များ ပြန်မဖွင့်နိုင်ပါက အရေးယူဆောင်ရွက်သွားရန်” ဆုံးဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြီးခဲ့သည့် မတ် ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...