ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ရခိုင်အမျိုးသားပါတီ (ANP) ပါတီဝင်သုံးဦး နုတ်ထွက်သွားသော်လည်း ပါတီအနေဖြင့် အားနည်းသွားခြင်း မရှိကြောင်း မောင်တောမြို့နယ်၊ ANP ဥက္ကဋ္ဌ ဦးအောင်ညွှန်သာက ပြောသည်။
“ကျွန်တော်ကတော့ သူတို့ကို နုတ်ထွက်ခွင့်ပေးပြီးသားဖြစ်ပါတယ်။ သူတို့နုတ်ထွက်သွားရင်လည်း ပါတီက တော့ အားနည်းသွားတာ မရှိဘူး။ ပုံမှန်အတိုင်းပါပဲ” ဟုပြောသည်။
ပါတီမှ နုတ်ထွက်သွားသူ သုံးဦးမှာ ဦးကျော်ဝင်း (CEC) လောင်းဒုံကျေးရွာ၊ ဦးမောင်မြင့် (CEC) တရိန်းကျေးရွာ၊ ဦးထွန်းရွှေ (CC) ကြိမ်ချောင်းကျေးရွာတို့ဖြစ်ကြောင်း သိရှိရသည်။
၄င်းတို့က “ANP (မောင်တောမြို့နယ်) ပါတီအတွင်း တာဝန်များကို ဆက်လက်ထမ်းဆောင်လိုစိတ် မရှိတော့သဖြင့် ပါတီဖွဲ့စည်းပုံ ပုဒ်မ (၆၅) အရ ပါတီဝင်အဖြစ်မှ နုတ်ထွက်ကြောင်း” မတ် ၁၅ ရက် ရက်စွဲဖြင့် ရေးသားထားသည့်စာရွက်မှာ လူမှုကွန်ယက်ဖောစ့်ဘုတ်ပေါ်တွင် ပြန့်နှံ့လျက်ရှိသည်။
၄င်းကိစ္စနှင့် ပတ်သက်၍ ဦးကျော်ဝင်းအား ဆက်သွယ်မေးမြန်းခဲ့ရာ ပါတီမှ နုတ်ထွက်ရခြင်းမှ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
“ရွေးကောက်ပွဲကာလမှာလည်း ကျနော်နဲ့ လက်တွဲပြီးတော့ လုပ်လာတဲ့လူတွေလည်း ထွက်သွားတာတွေရှိတယ်။ အခုရှိတဲ့လူတွေနဲ့လည်း ကျနော်တို့က သိပ်အဆင်မပြေဘူး။ ရင်းနှီးမှုလည်း သိပ်မရှိဘူး။ နောက်ပြီးတော့ ကျနော်တို့က နယ်ကလူတွေဖြစ်တယ်။ လုပ်ငန်းတွေကိုလည်း လုပ်နိုင်ဖို့ မဟုတ်တော့ဘူး ဆိုပြီးတော့ ထွက်ရတာပါ” ဟု ၎င်းက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ဒေါ်အေးနုစိန်ပါဝင်သွားပြီးနောက် ပါတီမှ နုတ်ထွက်လာသူများရှိလာကြောင်း သိရှိရသည်။
သို့သော်လည်း ANP ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပါတီမှ နုတ်ထွက်သွားသူများမှာ ဒေါ်အေးနုစိန်ကြောင့်မဟုတ်ကြောင်း ငြင်းဆိုထားသည်။