ALD အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော် ဖမ်းဝရမ်းထုတ်ခံရ

ALD အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော် ဖမ်းဝရမ်းထုတ်ခံရ
by -
ထွန်းခိုင် (နိရဥ္စရာ)

CDM လှုပ်ရှားဆန္ဒပြမှု၌ ပါဝင်သည်ဟုဆိုကာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်ကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း အဆိုပါ, ပါတီ၏ ဗဟိုကော်မတီဝင် ဦးမြင့်ဆွေက အတည်ပြုပြောကြားသည်။

“ဟုတ်ပါတယ်။ ဖမ်းဝရမ်းထုတ်ထားပါတယ်။ ခုဆန္ဒပြမှုက ပါတီအနေနဲ့ ပြတာတော့ မဟုတ်ပါဘူး။ သူ့ဟာသူ General Strike Committee (စစ်အာဏာရှင် စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ) မှာ ပါဝင်မယ်လို့တော့ ပါတီကိုပြောသွားတာရှိတယ်။ ပါတီမှုဝါဒ၊ ပါတီစည်းကမ်းချက်နဲ့သွားတာတော့ မဟုတ်ပါဘူး။ ဖမ်းဝရမ်းထုတ်မှုနဲ့ ပြောချင်တာကတော့ ဆန္ဒပြတာက ပါတီရဲ့ ဆုံးဖြတ်ချက်နဲ့ ပြတာမဟုတ်ပါဘူး။ ဖမ်းဝရမ်းထုတ်တာနဲ့ ပတ်သက်ပြီးတော့ စိတ်မကောင်းပါဘူး” ဟု ၎င်းကပြောသည်။

ဦးမျိုးကျော်အား ဖမ်းဝရမ်းထုတ်ကြောင်း မတ် ၁၀ ရက် ည ၈ နာရီတွင် ကြေညာပြီးနောက် ဦးမျိုးကျော်နှင့် အဆက်အသွယ်မရတော့ဟု ဆိုသည်။

“ဖမ်းဝရမ်းထုတ်ထားတာတော့ သိရတယ်။ ဖမ်းမိ/မဖမ်းမိတော့ ကျွန်တော်တို့ကတော့ မသိပါဘူး။ မဖြစ်ခင်ကာလအထိတော့ အဆက်သွယ်ရပေမယ့် လက်ရှိမှာတော့ အဆက်အသွယ်မရတော့ဘူး။ လက်ရှိမှာက ပါတီအနေနဲ့ အစည်းအဝေးတွေလည်း မလုပ်သေးဘူး” ဟု ဗဟိုကော်မတီဝင် ဦးမြင့်ဆွေက ပြောသည်။

ဦးမျိုးကျော်သည် ရန်ကုန်မြို့၊ ကျောက်မြောင်းတွင် မတ် ၃ ရက်က CDM ဆန္ဒပြမှု၌ ပါဝင်ခဲ့ကြောင်းနှင့် ၎င်းသည် ကျောက်ဖြူဇာတိဖြစ်ပြီး ၁၉၈၈ ခုနှစ်ကတည်းက နိုင်ငံရေးလောကထဲသို့ ဝင်ရောက်လာသူတစ်ဦးဖြစ်ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...