“ဒေါက်တာအေးမောင်အနေနဲ့ ပါတီက နုတ်ထွက်တာမထွက်တာကတော့ သူအပေါ်မှာပဲ မူတည်တယ်။ အဲဒီကိစ္စ ကိုတော့ ပါတီအနေနဲ့ တစ်စုံတရာဆုံးဖြတ်စရာမလိုတော့ဘူးလို့ပဲ ယူဆတယ်”
စစ်တွေမြို့ရှိ ရခိုင်အမျိုးသားပါတီ (ANP) ၏ ဗဟိုဌာနချုပ်ရုံးတွင်မတ် ၁၀ ရက်နှင့် ၁၁ ရက် များ၌ နှစ်ရက်တာ ဗဟိုကော်မတီ အစည်းအဝေးပြီးနောက် ပါတီမှ နုတ်ထွက်စာတင်ထားသူများ၏ ကိစ္စနှင့် ပတ်သက်၍ ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှအား ယခုလို မေးမြန်းဖြစ်ခဲ့ပါသည်။
မေး - ဒေါက်တာအေးမောင်ကို ပါတီကနေပြီးတော့ နုတ်ထွက်ခွင့်ပေးတယ်လို့ မီဒီယာတချို့မှာ တင်ထား ပါတယ်။ ဟုတ်ပါသလား။
ဦးသာထွန်းလှ - ဒေါက်တာအေးမောင်က အကျဉ်းချခံရသိတိုင် သူ့မှာ သူကိုယ်တိုင် ဦးဆောင်တဲ့ သီးခြားပါတီတစ်ခု ထောင်ပြီးသားဖြစ်တယ်။ အဲဒါကြောင့် ပါတီက ထွက်တာ၊ မထွက်တာကတော့ သူ့အပေါ်မှာပဲ မူတည်တယ်။ အဲဒီကိစ္စကိုတော့ ပါတီအနေနဲ့ တစ်စုံတရာ ဆုံးဖြတ်စရာ မလိုတော့ဘူးလို့ဘဲ ယူဆတယ်။ အဲဒါကြောင့် ထွက်ခွင့်ပေးတာ၊ မပေးတာ အဲလိုမျိုးမရှိဘူး။ ဒါပေမယ့် သူဘာသာသူ ဆုံးဖြတ်ပြီးရင် သူဘာသာသူ လုပ်ကိုင်ဆောင်ရွက်နေတဲ့အခြေအနေတွေ ရှိတဲ့အတွက်ကြောင့် ပါတီအနေနဲ့ နုတ်ထွက်ခွင့်ပေးစရာလည်း မလိုတော့ဘူးလို့ ယူဆတယ်။
မေး - ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက လွှတ်တော်ကိုယ်စားလှယ်တချို့ကလည်း နုတ်ထွက်စာတင် ထားတာတွေရှိတယ်လို့ သိရတယ်။ သူတို့တွေကိုရော ဥက္ကဋ္ဌတို့အနေနဲ့ နုတ်ထွက်ခွင့်ပေးဖို့ အစီအစဉ်တွေ ရှိပါသလား။ ဘယ်လိုအခြေအနေတွေရှိပါသလဲ။
ဦးသာထွန်းလှ - ရွေးကောက်ပွဲမတိုင်ခင်ကတော့ တချို့လွှတ်တော်ကိုယ်စားလှယ်တွေ နုတ်ထွက်စာတင် ထားတာတွေရှိတယ်။ အဲဒီလွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ရွေးကောက်ပွဲကာလမှာ ရွေးကောက်ပွဲကော် မရှင်ကလည်း သူတို့ကို တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုပြီးသား ဖြစ်တဲ့ အတွက်ကြောင့် ပါတီအနေနဲ့ အဲဒီကိစ္စကို တစ်စုံတရာ စဉ်းစားဆုံးဖြတ်စရာမလိုတော့ဘူးလို့ ယူဆတယ်။
မေး - နောက်ပြီးတော့ ဒေါ်အေးနုစိန်ဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာ ကောင်စီဝင်အဖြစ် ပါဝင်သွားတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တချို့ ထပ်ပြီးတော့ နုတ်ထွက်စာတင်တယ်လို့ သိရတယ်။ သူတို့တွေကိုရော နုတ်ထွက်ခွင့်ပေးဖို့အခြေအနေတွေရှိပါသလား။
ဦးသာထွန်းလှ - လောလေဆယ် မနေ့ကအထိ ပါတီရုံးကို တရားဝင်နုတ်ထွက်ခွင့် တင်ထားတဲ့လျှောက် လွှာသုံးစောင်ရှိတယ်။ အဲဒီ သုံးစောင်မှာ နှစ်ယောက်ကိုတော့ နုတ်ထွက်ခွင့်ပေးမယ်။ နောက်တစ်ယောက်ကတော့ ရွေးကောက်ပွဲ ဝင်ပြိုင်စဉ်ကာလတုန်းက တစ်စုံတရာ ရှင်းလင်းစရာ နည်းနည်းရှိသေးတယ်လို့ မြို့နယ်က တင်ပြလာတဲ့အတွက်ကြောင့် အဲဒီလိုရှင်းလင်းစရာရှိတဲ့ ကိစ္စကို ရှင်းလင်းပြီးရင်တော့ နုတ်ထွက်ခွင့်ပေး သွားဖို့အစီအ စဉ်တော့ ရှိတယ်။
မေး - နုတ်ထွက်စာ တင်ထားတဲ့ သုံးယောက်က ဘယ်သူတွေဆိုတာ သိလို့ရမလား။
ဦးသာထွန်းလှ - ဦးသိန်းအေးကျော်ရယ် (ပါတီဝင်)၊ ဦးထွန်းထွန်းနိုင်ရယ် (ပါတီကိုကိုယ်စားပြု၍ အမ်းမြို့နယ်၊ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာမှ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သူ)၊ ဦးမောင်ဝင်းသိန်းရယ် (ANP Youth Wing အဖွဲ့ဝင်)။
မေး - ရှင်းလင်းစရာရှိတဲ့ ကိစ္စကို ရှင်းလင်းပြီးရင်တော့ နုတ်ထွက်ခွင့်ပေးမယ်ဆိုတော့အဲဒီ သုံးယောက်ထဲက မရှင်းလင်းရသေးတဲ့သူက ဘယ်သူပါလဲ။
ဦးသာထွန်းလှ - ဦးထွန်းထွန်းနိုင်က အမ်းမှာ ပြည်သူ့လွှတ်တော်နေရာက ရွေးကောက်ပွဲသွားပြိုင်တာရှိတယ်။ အဲဒီမှာ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲကာလတုန်းက အသုံးပြုခဲ့တဲ့ ပစ္စည်းတွေနဲ့ ပတ်သက်ပြီး တစ်စုံတရာ ငွေးရေး၊ကြေးရေး ရှင်းလင်းစရာရှိတယ်လို့ သိရတယ်။
မေး - နောက်ဖြည့်စွက်ပြီးတော့ ဥက္ကဋ္ဌတို့အနေနဲ့ ဘာတွေပြောချင်စရာတွေ ရှိပါသလဲ။
ဦးသာထွန်းလှ - တချို့ ပုဂ္ဂိုလ်တွေက အွန်လိုင်းပေါ်မှာ နုတ်ထွက်စာတင်ထားတဲ့ လူတွေရှိတယ်လို့ ကျွန်တော်တို့ သိရတယ်။ ဒါပေမယ့် ပါတီရုံးကို တရားဝင်ရောက်တာတော့ သုံးစောင်ပဲရှိသေးတယ်။ အဲဒါကြောင့် အွန်လိုင်းပေါ်မှာ တင်ထားတဲ့ သူတွေကလည်း အမှန်တကယ် ပါတီက နုတ်ထွက်လိုတဲ့ ဆန္ဒရှိရင်တော့ ပါတီရုံးကိုရောက်အောင် ပို့ပေးစေချင်တယ်။ လိုင်းပေါ်မှာတင်ပြီး ပါတီကို သိက္ခာချသလို၊ အပုပ်ချသလို အဲလိုလုပ်တာ မလိုအပ်ဘူးလို့မြင်တယ်။ အဲဒါတွေက မကောင်းတဲ့ လက္ခာဏာတွေလို့မြင်တယ်။ အဲဒါကြောင့် နုတ်ထွက်လိုတဲ့ ပုဂ္ဂိုလ်တွေ၊ အွန်လိုင်းပေါ်မှာတင်ထားတဲ့ ပုဂ္ဂိုလ်တွေက ပါတီရုံးကို နုတ်ထွက်စာလျှောက်လွှာကို ရောက်အောင်ပို့ဖို့လိုတယ်။ နောက်တစ်ခု မီဒီယာတွေမှာပြောဆိုနေတာက ဒေါ်အေးနုစိန် နိုင်ငံတော်ကောင် စီဝင်မှာပါသွားလို့ ပါတီက နုတ်ထွက်ခွင့်တောင်းနေတယ်ဆိုပြီးတော့ အဲဒီလို မီဒီယာတွေမှာ ပြောဆိုနေတာ တွေရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပါတီရုံးကိုရောက်တဲ့ နုတ်ထွက်ခွင့်တင်ထားတဲ့ လျှောက်လွှာ သုံးစောင်လုံးမှာ ဒေါ်အေးနုစိန် နိုင်ငံတော်ကောင်စီဝင်အဖြစ် ပါသွားလို့ဆိုတဲ့ အကြောင်းအရာ ဘာမှပါလာ တာမတွေ့ဘူး။ သူတို့ဘာသာ သူတို့ ရိုးရိုးသားသားနဲ့ ပါတီမှာ လုပ်ကိုင်လိုစိတ်မရှိလို့ နုတ်ထွက်ခွင့်တင်တာကိုပဲ ကျွန်တော်တို့ တွေ့ရတယ်။ အဲဒါကြောင့် ဒေါ်အေးနုစိန် နိုင်ငံတော်ကောင်စီဝင်အဖြစ် ပါသွားလို့ဆိုတဲ့ မီဒီယာမှာ ချဲ့ကားပြီး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ပြောဆိုနေတဲ့ သတင်းတွေလည်း ကျွန်တော်တို့ ကြားသိနေရတယ်။ အဲဒီလိုအကြောင်းအရာမျိုး ကျွန်တော်တို့ပါတီကို နုတ်ထွက်စာတင်တဲ့ လျှောက်လွှာမှာ လုံးဝပါလာတာ မတွေ့ရတဲ့အတွက်ကြောင့် မီဒီယာတွေမှာ အဲဒီလို ချဲ့ကားပြီး မပြောသင့်ဘူးလို့မြင်တယ်။