စစ်အာဏာရှင်စနစ် ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ဆေးရုံဝန်ထမ်းများ CDM ပြုလုပ်နေချိန် ကျေးလက်ဒေသတွင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း လူထုကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကွန်ယက်(CHDN) ဒါရိုက်တာ ခွန်းဖိလစ်က ပြောသည်။
“ ကျွန်တော်တို့ အခက်အခဲရှိတယ်ပေါ့နော။ ဝန်ထမ်းတွေသွားလာတဲ့နေရာမှာ လုံခြုံရေးအပိုင်းပေါ့။ အခက်အခဲတော့နည်းနည်းပိုရှိမယ်။ ဒါပေမယ့် လူထုတွေက အခုချိန်မှာ CDM ဖြစ်နေတဲ့အတွက် ဝန်ဆောင်မှုပိုလာယူချင်တယ်။ ကျွန်တော်တို့နားမှာပိုလာကြတယ်ဆိုတော့ ကျွန်တော်တို့အချိန်ပဲဖြစ်ဖြစ် လူအင်အားပဲဖြစ်ဖြစ်ပိုပြီးတော့ လုပ်ရမှာပေါ့”ဟု ၎င်းက ပြောသည်။
CHDN အဖွဲ့သည့ ကျေးလက်ဒေသများကို အဓိကထားပြီး ပြည်သူ့ကျန်းမာရေးလုပ်ငန်း ဆောင်ရွက်ပေးနေသည့် အဖွဲ့ဖြစ်သည်။
မြို့ပြဒေသများတွင် သီးသန့်ဆေးခန်းမဖွင့်ပေးနိုင်သော်လည်း CHDNဝန်ထမ်းများကို ကျန်းမာရေးနှင့် ပတ်သက်ပြီး အကူအညီတောင်းခံနိုင်ကြောင်း ခွန်းဖိလစ်က ဆက်ပြောသည်။
ကရင်နီပြည်နယ်အတွင်းက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့၆ဖွဲ့၏ လက်အောက်က ကျန်းမာရေးဝန်ထမ်းများပူးပေါင်းပြီး CHDN ကို ဖွဲ့စည်းထားခြင်းဖြစ်သည်။
၂၀၁၂ခုနှစ် ဩဂုတ်လတွင် စတင်ဖွဲ့စည်းခဲ့ပြီး ကယားပြည်နယ်က မြို့နယ် ၇မြို့နယ်၊ ရှမ်းပြည်နယ်က ၂မြို့နယ်၊ ကရင်ပြည်နယ်က ၁မြို့နယ်ကို ဝန်ထမ်း၅၀၀ ကျော်နှင့် ဆေးခန်းသော်လည်းကောင်း အိမ်တိုင်ရာရောက်သော်လည်းကောင်း ကျန်းမာရေးနှင့်ပတ်သက်သည့်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။