ချင်းပြည်နယ် ထန်တလန်မြို့တွင် စစ်တပ်မှ ဖမ်းဆီးခံရသူ ချင်းလူငယ်တစ်ဦး မတ် ၁၁ရက် ညက ပြန်လည်လွတ်မြောက်လာ ခဲ့ပြီးဖြစ်သော်လည်း မတူပီ၊ ဖလမ်း၊ ဟားခါး တို့မှ အဖမ်းခံရသူ ကိုးဦး လွတ်မြောက်လာခြင်းမရှိသေး ကြောင်းသိရသည်။
ထန်တလန်မြို့မှ ချင်းလူငယ် ဆလိုင်းကျုံးဘွဲလျန်ကို မတ် (၁၀) ညနေပိုင်းတွင် စစ်တပ်မှ ဖမ်း ဆီးခေါ်ဆောင်ခဲ့ပြီး မတ်၁၁ရက်ညနေပိုင်းတွင် အာမခံချက်ဖြင့် ပြန်လည်လွတ်မြောက်လာပြီး ဖြစ် ကြောင်း သိရသည်။
ထန်တလန်မြို့မှ လူငယ်တစ်ဦးက “မနေ့ည ၆း၂၀ ဝန်းကျင်လောက်ကထွက်လာတယ်၊ အဓိက ရဲတယောက် CDM လုပ်ထားတဲ့သူကို ထန်တလန်ကနေ ဟားခါးအထိ သူကဆိုင်ကယ်နဲ့ သယ်တယ်လို့ စွွပ်စွဲပြီး ထိန်းသိမ်းတာပေါ့၊ တညလောက်အိပ်ခိုင်းတာပေါ့ သူတို့ရဲ့ တပ်ကုန်းမှာ၊ ထန်တလန်ဒုဦးစီးမှုးက အာမခံပေးတယ်” ဟု ပြောသည်။
ဆလိုင်းကျုံးဘွွဲလျန်ကို စစ်တပ်မှ “မေးစရာရှိ” ဆိုပြီိး ဖမ်းဆီးခေါ်ဆောင်သွားပြီး စကားမေးမြန်း သောအချိန်နှင့် ထိန်းသိမ်းထားချိန်တွင် ရဲနှင့်စစ်တပ်ဖက်မှ ရိုက်နှက်ခြင်းမပြုလုပ်ရန် ထန်တလန်မြို့ရှိ လူငယ်များဖက်မှ တာဝန်ရှိအထက်လူကြီးများကို ဖုန်းဆက်ပြီးတောင်းဆိုမှုများပြုလုပ်ခဲ့သည်ဟု ၎င်းကပြောပြသည်။
အလားတူ မတူပီမြို့တွင် မတ်၁၀ ရက်နေ့ညပိုင်းတွင်လည်း ခရစ်ယာန်အမှုတော်ဆောင်တစ်ဦး အပါအဝင် လူငယ်လေးဦးကို စစ်တပ်ဖက်မှ ဖမ်းဆီးခဲ့ပြီး ပြန်လည်လွတ်ပေးခြင်းမရှိသေးသော်လည်း မိသား စုဝင်၊ ရပ်မိ၊ရပ်ဖ နှင့် ပါစတာ တို့မှ ယမန်နေ့ညနေပိုင်းတွင် ခံဝန်ချက်ထိုးခဲ့ကြပြီး အမြန်ဆုံးပြန်လည်လွှတ်ပေးသွား ဖြစ်ကြောင်းသိရသည်။
မတူပီမြို့ခံ တစ်ဦးက “မနေ့ည ၆ နာရီလောက်မှာ ပါစတာတွေက သွားတောင်းတော့ သူတို့က အာမခံတွေ ထိုးခိုင်းတယ်၊ သူတို့လွတ်လာရင်တော့ မိဘတွေကလည်း Complain မတက်ပါဘူး၊ ဆန္ဒပြတဲ့နေရာတွေမှာလည်း မပါဝင်ဘူးဆိုတဲ့ သူတို့ကြိုက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ထည့်ပြီး တော့မှ လက်မှတ်ထိုးခိုင်းထားတယ်၊ ဒီနေ့မဟုတ်ရင်လည်း မနက်ဖြန်လောက် အခြေအနေကြည့်ပြီး တော့မှ သူတို့က လွတ်ပေးမယ်လို့ စစ်တပ်ဖက်ဂတိပေးထားတာပေါ့၊ ဒီနေ့တော့ လွတ်ပေးတဲ့သတင်း မကြားသေးဘူးဆိုတော့ အမြန်ဆုံးလွတ်ပေးမယ်လို့ပြောထားတဲ့အတွက် ကျွန်တော်တို့ကလည်း စောင့်ကြည့်နေတဲ့ခြေအနေမှာရှိနေတယ်” ဟုပြောသည်။
မတူပီမြို့မှ ဖမ်းဆီးခံရသော လူငယ်လေးဦးသည် မိသားစုကိစ္စဖြင့် အပြင်ထွက်သွားလာချိန်တွင် စစ်တပ်ဖက်မှ ဖမ်းဆီးခဲ့ကြပြီး လူငယ်ပါစတာနှင့် ကျေးလက်အင်ဂျင်နီယာမှ ဝန်ထမ်းတစ်ဦးတို့သည် ရိုက်နှက်ခံရခြင်းမရှိပေမယ့် ကျန်နှစ်ဦးမှာ စစ်တပ်ဖက်မှ တားဆီးပြီးဖမ်းပေမယ့် အဖမ်းမခံသော ကြောင့် လုံခြုံရေးယူထားသော စစ်သားတစ်ဦးမှ ကန်လိုက်ရာ ဒဏ်ရာရရှိနေပြီး ကျန်တစ်ဦးမှာလည်း မည်သို့ ဒဏ်ရာများရှိနေမလဲ ဆိုပြီး သံသယဖြစ်စရာရှိနေကြောင်း ၎င်းက ပြောသည်။