ကချင်ပြည်နယ် အနောက်ဘက်ရှိ တပ်စခန်းတချို့ကို KIA ဝင်ရောက်တိုက်ခိုက်၊ တပ်စခန်းတစ်ခုလုံး ပြာကျ

ကချင်ပြည်နယ် အနောက်ဘက်ရှိ တပ်စခန်းတချို့ကို KIA ဝင်ရောက်တိုက်ခိုက်၊ တပ်စခန်းတစ်ခုလုံး ပြာကျ
by -
ခေါင်ညွယ် (KNG)

အာဏာသိမ်းစစ်တပ်လက်အောက်ရှိ တပ်စခန်းတချို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဝင်ရောက်တိုက်ခိုက်မှု ယနေ့ (မတ် ၁၁ ရက်) မှ စတင်ပြုလုပ်လာကြောင်း သိရသည်။

 

ငြိမ်းချမ်းစွာဆန္ဒပြနေသော ပြည်သူလူထုကို စစ်တပ်က ပစ်သတ်မှုများလုပ်ဆောင်လာပြီး တစ်လကျော်အကြာတွင် ယခုလို ကချင်ပြည်နယ်အနောက်ဘက်ရှိ မြန်မာစစ်တပ် တပ်စခန်းများကို KIA က ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်လာခြင်းဖြစ်သည်ဟု ဆိုသည်။

 

KIA တပ်မဟာ ၉၊ တပ်ရင်း ၂၆ က ကချင်ပြည်နယ် အနောက်ဖက်ရှိ ဆယ်ဇင်းကျေးရွာအနီးတွင် တပ်စွဲထားသော မြန်မာစစ်တပ်စခန်းတစ်ခုကို ယနေ့ (မတ် ၁၁ ရက်) နံနက် ၃ နာရီခန့်တွင် KIA က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

“မနက်သုံး နာရီကျော်လောက်ကတည်းက အသံတွေကြားနေတာ။ မနက်သွားကြည့်တော့ တပ်တစ်ခုလုံး ဘာမှမရှိတော့ဘူး။ မီးတွေလောင်နေပြီး အားလုံးပြာကျနေပြီ။ တချို့ တွေ့လိုက်တဲ့သူတွေပြောတာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ‘သွေးစည်းပြီညီနောင်အပေါင်းတို့’  သီချင်းဆိုပြပြီး လက်သုံးချောင်းထောင်ပြသွားတယ်လို့ ပြောကြတယ်။ မနက် ၅ နာရီလောက်တော့ ပြန်ထွက်သွားတယ်ပြောတယ်။ အခု ဆယ်ဇင်းမှာ ဘာမှမရှိတော့ဘူး” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးပြောသည်။

 

ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများကို ပစ်သတ်မှုများပြလုပ်နေသည့် စစ်တပ်သည် KIA က ဝင်ရောက်စီးနင်းမှုတွင် ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး အချို့မှာ ထွက်ပြေးသွားကြောင်း သိရသည်။

 

ပြည်သူများအနေဖြင့် ကြောက်စရာမလိုဘဲ လိုချင်သည့်ပန်းတိုင်အတိုင်း တစိုက်မတ်မတ်ဆက်လုပ်ဆောင်ရန် KIO ဗဟိုဌာနချုပ်မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

 

“ကျနော်တို့ အစကတည်းက လက်ရှိဖြစ်နေတဲ့အခြေအနေကို အကြမ်းဖက်တဲ့နည်းနဲ့ မဖြေရှင်းဖို့ တောက်လျှောက်ပြောနေတာဖြစ်တယ်။ ဒါပေမယ့် ဒီဗမာစစ်သားတွေက ပြည်သူတွေကို လက်နက်နဲ့ပစ်တယ်။ ဒီလိုလုပ်တာက ကောင်းတဲ့အရာမဟုတ်ဘူး။ ကောင်းတဲ့ဖြေရှင်းနည်းမဟုတ်ဘူး။ ဒီမိုကရေစီနည်းလမ်းမကျဘူး။ ဒါကြောင့် ပြည်သူတွေကိုလည်းပြောချင်တယ် ကြောက်စရာမလိုဘူး။ ပြည်သူတွေလိုချင်တဲ့ ပန်းတိုင်ရည်ရွယ်ချက်ကို တစ်စိုက်မတ်တ်ဘဲ ဆက်လုပ်ဆောင်ကြပါလို့ ပြောချင်တယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

 

ဆယ်ဇင်းမြန်မာစစ်တပ်စခန်းကို KIA က တိုက်ခိုက်ဖျက်စီးလိုက်ပြီးနောက် KIA တပ်ရင်း ၂၆ ဘက်သို့ မြန်မာစစ်တပ်က လေယာဉ်ဖြင့် လာရောက်ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ဆက်ပြောသည်။

 

လက်ရှိအချိန်ထိ ဆယ်ဇင်းကျေးရွာနှင့် တာမခံကျေးရွာကြား နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...