ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်အပါအဝင် တရားစွဲခံထားရသူ လေးဦးကို လာမည့် မတ် ၁၉ ရက်သို့ ထပ်မံရုံးချိန်းလိုက်ကြောင်း သိရသည်။
၄င်းတို့ လေးဦးကို ယနေ့ ပထဆုံးအကြိမ်ရုံးချိန်တွင် Video Conferencing နှင့် ရုံးထုတ်ခဲ့ကြောင်း ဦးမင်းအောင်၏အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဒေါ်သိင်္ဂီမောင်က ပြောသည်။
“Video Conferencing နဲ့ပဲ ရုံးချိန်းချိန်းတာပေါ့။ ဒီနေ့မှာတော့ ရှေ့နေ ကိုယ်စားလှယ် လွဲစာတင်တယ်။ ကိုယ်စားလှယ် လွဲစာတင်ပြီးတော့ အမှုစစ်ဖို့အတွက်ကို ၁၉ ရက်ကို ပြန်ချိန်းလိုက်ပါတယ်” ဟု ၎င်းက ပြောသည်။
လုံခြုံရေးအခြေအနေကြောင့် သူတို့အား ရုံးထုတ်နိုင်ခြင်းမရှိသော်လည်း တရားခံများ၏ သဘောထားမှာ ရုံးထုတ်စစ်ဆေးပေးစေချင်ကြောင်း သူကဆက်ပြောသည််။
“ကျွန်မတို့က ကိုမင်းအောင်တို့ သဘောထားကို မေးတယ်။ Video Conferencing နဲ့ပဲ ရုံးတော်က စစ်မယ် လို့ပြောတယ်။ အကိုတို့ ဆန္ဒဘယ်လိုရှိလဲဆိုတာကိုမေးတယ်။ Video Conferencing နဲ့ကျတော့ ဖုန်းလိုင်းတွေက သိပ်မကောင်းလို့။ အဲဒါကြောင့် သူတို့ရဲ့ဆန္ဒကတော့ ရုံးထုတ်ပြီးတော့ အမှုစစ်စေချင်တယ်” ဟု ရှေ့နေ ဒေါ်သိင်္ဂီမောင်က ဆက်လက်ပြောသည်။
ဦးမင်းအောင်၊ ကိုသန့်ဇင်ဖြိုး၊ ဦးတင်သိန်းအောင်တို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုပုဒ်မ (၂၅)၊ ငြိမ်းစုစီ ပုဒ်မ (၁၉) တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး၊ ကိုချစ်မောင်မောင်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုပုဒ်မနှင့် ၅၀၅ (က) တို့ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။
တခြားသူများအား အချုပ်ခံထဲတွင် ထားရှိသော်လည်း ဦးမင်းအောင်တစ်ဦးတည်းအား တပ်ထဲတွင် ထိန်းသိမ်းထားမှုမှာ မတရားဟု ဇနီးဖြစ်သူ ဒေါ်မြဝတ်ရည်က ပြောသည်။
“အခုက အမှုလည်းစွဲတင်ထားပြီ။ သူတို့ဟာ တရားခံဖြစ်နေတဲ့အတွက် အချုပ်ခန်းထဲမှာပဲ ထားပေးရမယ်။ ရုံးထုတ်ရဖို့ဖြစ်တယ်။ အခု ရုံးမထုတ်တဲ့အတွက် မိသားစုတွေလည်း မတွေ့ရဘူး။ တခြားလူတွေအားလုံးကိုလည်း သူတို့က ရဲစခန်းမှာပဲထားတယ်။ ကိုမင်းအောင်တစ်ယောက်တည်းကိုမှ ထူးထူးခြားခြား ဘာကိစ္စကြောင့် တပ်ထဲမှာ ထားရသလဲ။ ဒါကတော့ မတရားဘူးပေါ့။ အဲဒါတွေကို ကျမတို့လည်း သိချင်ပါတယ်။ ”ဟုပြောသည်။
လက်ရှိအချိန်တွင် ဖမ်းဆီးခံရသူများအနက် ဦးမင်းအောင်မှာ ခလရ (၅၄၄) တပ်ထဲတွင်ရှိနေပြီး၊ ကျန် သုံးဦးမှာ တောင်ကုတ်မြို့မ ရဲစခန်းတွင် ထိန်းသိမ်းခံထားရကြောင်း သိရသည်။
ဦးမင်းအောင်ပါ အမှုကို အွန်လိုင်းစနစ်ဖြင့်မဟုတ်ဘဲ တရားရုံးရှေ့မှောက်တွင် စစ်ဆေးစေချင်ကြောင်း အမှုနှင့်ပတ်သတ်ပြီးလိုက်ပါဆောင်ရွက်ပေးနေသည့် ဥပဒေရေးအရာကုစားရေးအဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဦးဦးညွန့်မောင်က ဆိုသည်။
“ဦးမင်းအောင်ကို တရားရုံးက ချုပ်ရမန်ပေးထားတာက ရဲစခန်းမှာ ထိန်းသိမ်းထားဖို့ပဲပေးထားတယ်။ ကျနော်တို့ ရဲစခန်းမှာ စုံစမ်းကြည့်လိုက်တော့ တပ်မ ၅၄၄ မှာထားတယ်လို့ပြောတယ်။ကျနော်တို့ကတော့ သူတို့ကို ဥပဒေနဲ့ အညီစစ်ဆေးစီရင်စေချင်တယ်။ဥပဒေအရပဲ ခုခံချေပချင်တယ်။တရားရုံးရဲ့ ရှေ့မှောက်မှာ အများပြည်သူတွေရဲ့ ရှေ့မှာ အမှုကိုစစ်ဆေးစေချင်တယ်” ဟု ၎င်းကပြောသည်။
ဦးမင်းအောင်၊ ဦးတင်သိန်းအောင်၊ ကိုသန့်ဇင်ဖြိုးတို့သည် တပ်ကအာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြခဲ့ မှုကြောင့် ဖေဖော်ဝါရီ ၉ ရက်က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ကိုချစ်မောင်မောင်မှာ ဖေဖော်ဝါရီ ၁၇ ရက်က ဆန္ဒထုတ်ဖော်မှုကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။