ရခိုင်ပြည်နယ်၊ ဂွမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူ ၂ဝဝ ခန့်က လမ်းလျှောက်ဆန္ဒပြမှုကို ယနေ့ (မတ် ၈ ရက်) နံနက် ၈ နာရီတွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
၎င်းတို့သည် ဂွမြို့ မြို့မရပ်ကွက်အတွင်း လှည့်လည်ကာ စစ်အာဏာရှင်အလိုမရှိဟူ၍ ကြွေးကြော်ကာ စီတန်းလှည့်လည်ကြခြင်းဖြစ်ကြောင်း ဂွမြို့ဒေသခံတစ်ဦးက ပြောသည်။
“ရခိုင်မှာ မတ် ၄ ရက်နေ့လောက်တည်းက တစ်ရက်ခြားတစ်ခါလောက် ပြနေကြတာပါ။ ကျွန်တော်တို့ ဂွမြို့ဒေသခံတွေ ဆန့်ကျင်ရေးဆန္ဒပြတာပါ။ စစ်အာဏာရှင်အလိုမရှိဆိုပြီး အော်ကြတာပေါ့။ ဖမ်းဆီးနှောင့်ယှက်တာတွေမရှိပါဘူး” ဟု ၎င်းကပြောသည်။
အဆိုပါ ဆန္ဒပြသူများက စစ်အာဏာရှင်အလိုမရှိ ကြွေးကြော်သံများနှင့်အတူ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို ထောက်ခံကြောင်း ဗွီနိုင်းများကိုကိုင်ဆောင်ကာ စီတန်းလှည့်လည်ခဲ့ကြခြင်းဖြစ်ကြောင်းနှင့် နံနက် ၁၀ ခွဲခန့်တွင် လူစုခွဲလိုက်ကြောင်း သိရသည်။