မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော နိုင်ငံရေးအခြေအနေကြောင့်မီဇိုရမ်ပြည်နယ်ကို စစ်ဘေးဒုက္ခသည်အဖြစ် ထွက်ပြေးလာသူများကို မိမိနိုင်ငံ၊ တိုင်ပြည်သို့ မပြန်နိုင်သေးသရွေ့ ကူညီဆောင်ရွက်ပေးသွားမည်ဟု မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါက ပြောသည်။
“လက်ရှိမြန်မာနိုင်ငံမှာ အခက်အခဲပြဿနာတွေအများကြီးရှိတယ်။ စစ်အစိုးရရဲ့အုပ်ချုပ်မှုအောက်မှာ များစွာသော အခက်အခဲတွေနဲ့ တွေ့ကြုံနေကြရတယ်။ များစွာသောမြန်မာပြည်သားလည်း မီဇိုရမ်ပြည်နယ်ကို Refugee အဖြစ် ထွက်ပြေးလာကြတာကိုလည်း ကျနော်တို့ သိတယ်။ ခုလိုထွက်ပြေးလာတဲ့သူတွေအနေနဲ့ကလည်း မဖြစ်မနေ ထွက်ပြေးရတဲ့ အနေအထားဖြစ်တဲ့အတွက် ဘာမှမစိုးရိမ်ဖို့၊ မိမိတို့နိုင်ငံကို မပြန်နိုင်သေးသရွေ ့မီဇိုရမ် အစိုးရအနေနဲ့ ကူညီဆောင်ရွက်ပေးသွားမယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မတ် ၅ ရက်က မီဇိုရမ်ပြည်နယ် မြို့တော်အိုက်ဇောလ် Vanapa ခန်းမတွင်ကျင်းပသည့် မီဇိုးလူမျိုးများ၏ အကြီးမားဆုံးသော ပွဲတစ်ခုဖြစ်သည့် Chapchar Kut 2021 ပွဲကျင်းပရာတွင် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က ၎င်း၏မိန့်ခွန်းထဲတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မီဇိုရမ်အစိုးရအနေဖြင့် မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးလာကြသော စစ်ဘေးဒုက္ခသည်များ၏ စားဝတ်နေရေးအတွက် ငွေရေးကြေးရေးရာထားပြီဖြစ်ကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က ဆက်လက်ပြောသည်။
“ခုချိန်မှာ မီဇိုရမ်ကို ထွက်ပြေးလာကြတဲ့ Refugee အနေနဲ့ စားရေးသောက်ရေး အခက်အခဲရှိနိုင်တယ်။ အဲဒီအတွက် မီဇိုရမ်အစိုးရက သူတို့ စားရေးသောက်ရေးအတွက် ငွေရေးကြေးရေးကိုလည်း ရာထားပြီဖြစ်တယ်” ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံတွင် တပ်မတော်က စစ်အာဏာသိမ်းယူလိုက်ပြီးနောက် နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုများကြောင့် နယ်စပ်မှတဆင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ မြန်မာနိုင်ငံသားများ ထွက်ပြေးတိမ်းရှောင်သူများရှိပါက မီဇိုရမ်အစိုးရအနေဖြင့် အတတ်နိုင်ဆုံး လက်ခံကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်နေ့က မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါက ပြောခဲ့သည်။
Published
Monday, March 08, 2021
စစ်ဘေးရှောင်ပြည်သူများ နေရပ်မပြန်နိုင်သေးသရွေ့ ကူညီသွားမည်ဟု မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ပြော