အာဏာသိမ်းစစ်ကောင်စီတွင် ပါဝင်ခြင်းက ဂုဏ်သိက္ခာကိုထိခိုက်စေဟု ANP ပါတီမှ နုတ်ထွက်ခဲ့သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးတက်ထွန်းအောင် ဆို

အာဏာသိမ်းစစ်ကောင်စီတွင် ပါဝင်ခြင်းက ဂုဏ်သိက္ခာကိုထိခိုက်စေဟု ANP ပါတီမှ နုတ်ထွက်ခဲ့သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးတက်ထွန်းအောင် ဆို
by -
ထွန်းခိုင် (နိရဥ္စရာ)

အာဏာသိမ်းစစ်ကောင်စီတွင် ပါဝင်သည်ဆိုခြင်းက ဂုဏ်သိက္ခာကိုထိခိုက်စေကြောင်း ANP ပါတီမှ နုတ်ထွက်ခဲ့သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးတက်ထွန်းအောင်က ပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ရခိုင်အမျိုးသားပါတီမှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဒေါ်အေးနုစိန် ပါဝင်ပြီးနောက်ပေါက်တောမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားဟောင်း ဦးတက်ထွန်းအောင်သည် ပါတီမှ နုတ်ထွက်ခဲ့သည်။

 “ရခိုင်အမျိုးသားပါတီသည် ရခိုင်အမျိုးသားအကျိုးစီးပွားအတွက်လုပ်ဖို့ဆိုပြီးတော့ တက်လာတယ်။ အခု ရခိုင်အ မျိုး သားပါတီဟာ အာဏာသိမ်း စစ်ကောင်စီမှာ ပါဝင်ဆိုကတည်းက ဂုဏ်သိက္ခာကို ထိခိုက်တယ်လို့ယူဆတယ်။ ငသံဒွေရဲ့ သဘောထားနဲ့ တစ်ထပ်တည်းဖြစ်တယ်။ အဲဒါကြောင့် နုတ်ထွက်ရခြင်းဖြစ်တယ်” ဟု ၎င်းက ပြောသည်။

၄င်းအနေဖြင့် ANP မှ မတ်၃ရက်ကတည်းက နုတ်ထွက်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားသစ္စာဖောက် ငသံဒွေအဖြစ် မခံချင်သောကြောင့် နုတ်ထွက် ခြင်းဖြစ်ကြောင်းနှင့် ရခိုင်အမျိုးသားအကျိုးစီးပွားအတွက်ဆိုလျှင် မည်သည့်ပါတီ၊ မည်သည့်ပုဂ္ဂိုလ်နှင့့်မဆို လက်တွဲပူး ပေါင်းသွားမည်ဟု ၄င်းကဆက်လက်ပြောသည်။

၎င်း၏ နုတ်ထွက်စာတွင် အတိတ်သမိုင်းက သင်ခန်းစာပေးခဲ့သော ငသံဒွေ၏ လုပ်ရပ် ဆိုးမွေမြောက်များစွာကို သတိရစွာဖြင့် ရခိုင်အမျိုးသားပါတီ (ANP) အဖြစ်မှလည်းကောင်း၊ ဗဟိုကော်မတီဝင်အဖြစ်မှလည်းကောင်း အပြီးအပိုင် နုတ်ထွက်ကြောင်း ရေးသားထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီ (ANP) ၏ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးဖေသန်းက ၄င်းအနေဖြင့် ပါတီဖွဲ့စည်းပုံ ၆၅ နှင့် ငြိစွန်းမှု မရှိလျှင် နုတ်ထွက်ခွင့် ပေးသင့်သည်ဟု ပြောသည်။

“နုတ်ထွက်ခွင့်ပေးဖို့၊ မပေးဖို့ဆိုတာကတော့ ဌာနချုပ်အစည်းအဝေးမှာ  ပါတီဖွဲ့စည်းပုံ ၆၅ နှင့် မငြိရင်တော့ နုတ်ထွက်ခွင့်ပေးသင့်တယ်လို့ထင်တယ်။ ဒါပေမယ့် သူအနေနဲ့ ဖွဲ့စည်းပုံ ၆၅ မှာ ပါထားတဲ့ ရှင်းစရာရှိတဲ့ တာဝန်တွေကို ရှင်းပြီးရင် နုတ်ထွက်ခွင့်ပေးဖို့ဆိုတာနဲ့ ညီတယ်ဆိုရင်တော့ နုတ်ထွက်ခွင့်ရမယ်ထင်တယ်” ဟု ၎င်းက ပြောသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...