ပါတီ၏မူဝါဒလမ်းစဉ်များကို ပြီးပြည့်စုံအောင် ဖောင်ဆောင်နိုင်ခြင်းမရှိခဲ့ကြောင်းနှင့် မိမိတာဝန်ထမ်းဆောင်နေစဉ်အတွင်းလည်း ပြည်သူ၏လိုလားချက်များကို အကောင်အထည်ဖော်နိုင်မှု အားနည်းခဲ့ကြောင်း နှုတ်ထွက်စာတင်ထားသော စစ်တွေမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးစံရွှေကျော်က ပြောသည်။
“လောကကြီးမှာတော့ လူတိုင်းက ပြီးပြည်စုံတယ်လို့တော့မရှိဘူး။ ကိုယ်လုပ်ဆောင်ခဲ့တဲ့ တာဝန်နဲ့ပတ်သက်ပြီး တော့လည်း ကိုယ်ဟာ တာဝန်ကျေအောင်လုပ်ဆောင်နိုင်ခဲ့တယ်လို့ မယူဆဘူး။ ပါတီနဲ့ပက်သက်ပြီး တော့လည်း ပါတီ၏ ချမှတ်ထားတဲ့ မူဝါဒလမ်းစဉ်တွေလည်း ပြီးပြည့်စုံအောင် မဖော်ဆောင်နိုင်ခဲ့ဘူးလို့ ယူဆတယ်” ဟု ပါတီမှနှုတ်ထွက်စာတင်လိုက်သည့် စစ်တွေမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးစံရွှေကျော်ပြော ပြောဆိုလိုက်သည်။
ယင်းကဲ့သို့ ပါတီမှ နှုတ်ထွက်လိုခြင်းသည် လက်ရှိဖြစ်ပေါ်နေသည့် စစ်အာဏာသိမ်းမှုနှင့် မသက်ဆိုင်ကြောင်းနှင့် ကျန်းမာရေးအရသော်လည်းကောင်း၊ ဝါသနာပါသည့် စာပေအနုပညာအလုပ်ကို ငြိမ်းချမ်းစွာလုပ်ဆောင်လို ၍သော်လည်းကောင်း နှုတ်ထွက်လိုက်ရခြင်းဖြစ်ကြောင်း သူကဆက်လက်ပြောကြားသည်။
“စစ်အာဏာသိမ်းပြီးနောက်ပိုင်းအခြေအနေကြောင့် ထွက်တာတော့အဟုတ်ဘူး။ ဒီအချိန်ဟာ ကိုယ့်အတွက် နိုင်ငံရေးအရ မီးနီပြလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျန်းမာရေးလည်း နည်းနည်းချွတ်ယွင်းလာတယ်။ ပြီးတော့ အသက်အရွယ်ကလည်း တတိယအရွယ်ကိုရောက်လာတယ်ဆိုတော့ စိတ်ဖိစီးမှုကိုလည်း မခံနိုင်တော့ဘူး။ အဲဒါကြောင့် ကိုယ်ဝါသနာပါတဲ့ စာပေအနုပညာနဲ့ပဲ အချိန်တွေကို ကုန်ဆုံးချင်လာတယ်။ အဲဒါကြောင့် အနားယူလိုက်ရတာဖြစ်ပါတယ်” ဟု ဦးစံရွှေကျော်က ပြောသည်။
ဦးစံရွှေကျော်သည် စစ်တွေမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ဥက္ကဌတာဝန်ကို ထမ်းဆောင်နေသူဖြစ်ပြီး မတ်လ ၃ ရက် ၂၀၂၁ ခုနှစ် နေ့စွဲဖြင့် ပါတီမှ နှုတ်ထွက်လို့ကြောင်း စာတင်ကာ နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။