ဖားကန့်တွင် သပိတ်စစ်ကြောင်းများအား အင်အားသုံးဖြိုခွင်းမှုကြောင့် တစ်ဦးဒဏ်ရာပြင်းထန်စွာရပြီး အနည်းဆုံးငါးဦးဖမ်းဆီးခံရ

ဖားကန့်တွင် သပိတ်စစ်ကြောင်းများအား အင်အားသုံးဖြိုခွင်းမှုကြောင့် တစ်ဦးဒဏ်ရာပြင်းထန်စွာရပြီး အနည်းဆုံးငါးဦးဖမ်းဆီးခံရ
by -
ခေါင်ညွယ် (KNG)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် သပိတ်စစ်ကြောင်းများအား အင်အားသုံးဖြိုခွင်းမှုကြောင့် တစ်ဦးဒဏ်ရာပြင်းထန်စွာရရှိပြီး အနည်းငယ်ဒဏ်ရာရရှိသူ ၁၀ ဦးထက်မနည်းရှိကာ ဖမ်းဆီးခံရသူ အနည်းဆုံးငါးဦးရှိကြောင်း ဖားကန့်ဒေသခံများထံမှ သိရသည်။

ဖားကန့်မြို့တွင် ယနေ့ (မတ် ၃ ရက်) ၌ အေးမြသာယာသပိတ်စစ်ကြောင်းနှင့် ဆိပ်မူအုပ်စု သပိတ်စစ်ကြောင်းတို့ကို ရဲတပ်ဖွဲ့နှင့် စစ်သားများက အကြမ်းဖက်ဖြိုခွဲမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယနေ့တွင် စစ်အာဏာဆန့်ကျင်သည့် သပိတ်စစ်ကြောင်းနှင့် ရဲတပ်ဖွဲ့၊ စစ်သားများ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖားကန့်မြို့၊ မြို့မပန်းခြံရှေ့မှ စစ်အာဏာဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်သည့် သပိတ်စစ်ကြောင်း ချီတက်လာစဉ် ရဲတပ်ဖွဲ့နှင့်စစ်သားများက မျက်ရည်ယိုဗုံး၊ အသံဗုံးများအသုံးပြုကာ ဖြိုခွဲရန် ကြိုးစားခဲ့သဖြင့် သပိတ်စစ်ကြောင်းကလည်း ဒိုင်းကာများဖြင့် ခုခံကာကွယ်ခဲ့ရခြင်းဖြစ်သည်။

ထိုသို့အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အမျိုးသားတစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး ရင်ဘတ်တွင် ကျည်အစစ်ထိမှန်ထားသည့် စိုးရိမ်ရသည့်အခြေအနေတွင်ရှိသောကြောင့် မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ဖားကန့်မြို့တွင် ယနေ့ စစ်အာဏာဆန့်ကျင်သည့် သပိတ်စစ်ကြောင်းများချီတက်လာစဉ် ရဲများနှင့် စစ်သားများမှ ရာဘာကျည်၊ သေနတ်ကျည်အစစ်နဲ့ ပစ်ခတ်ဖြိုခွင်းမူများရှိခဲ့ကြောင်း သိရသည်။

ယနေ့ ဖားကန့်မြို့တွင်း စစ်အာဏာရှင်ဆန့်ကျင်သည့် သပိတ်စစ်ကြောင်းတွင် ပြည်သူ သုံးထောင်ဝန်းကျင်ခန့်ပါဝင်ခဲ့ကြောင်းလည်း သိရသည်။

ဖားကန့်မြို့တွင် မတ် ၂ ရက်တွင် ရဲတပ်ကြပ်တစ်ဦး ပါဝင်လာပြီးနောက် ပထမဆုံးအကြိမ် ပစ်ခတ်ဖြိုခွင်းမှုများ ရင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

ပထမနေ့ သပိတ်စစ်ကြောင်းအား ပစ်ခတ်ဖြိုခွင်းမူတွင် ဒဏ်ရာရရှိသူ အနည်းအကျဉ်းသာရှိခဲ့သော်လည်း ယနေ့ ဒုတိယအကြိမ် ပစ်ခတ်ဖြိုခွင်းခံရမူတွင် လက်ရှိချိန်ထိ ဖမ်းဆီးခံ ငါးဦး၊ ဒဏ်ရာရရှိသူ ၁၁ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများစာရင်း ထိခိုက်ဒဏ်ရာရသူများစာရင်း အတိအကျမဟုတ်သေးဘဲ ထပ်တိုးရှိနိုင်ကြောင်းလည်း ဒေသခံများကဆိုသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...