ရှမ်းနီပါတီ (TNDP) ဥက္ကဌ ဦးစိုင်းဌေးအောင်နှင့် အင်တာဗျူးဟုဆိုကာ မဟုတ်မမှန်ရေးသားခဲ့သည့် ထာ၀ရငြိမ်းချမ်းရေးသတင်းကွန်ရက်၏ ဝန်ချတောင်းပန်ပွဲကို မိုးညှင်းမြို့ ရှမ်းနီပါတီရုံးတွင် မတ် ၆ ရက်၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထာ၀ရငြိမ်းချမ်းရေးသတင်းကွန်ရက်က ဖေဖော်ဝါရီ ၂၇ ရက်တွင် ရှမ်းနီပါတီဥက္ကဌ ဦးစိုင်းဌေးအောင်နှင့် အင်တာဗျူးဟုဆိုကာ ဖော်ပြခဲ့ပြီး ထိုအင်တာဗျူးတွင် ဦးစိုင်းဌေးအောင်သည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် အာဏာသိမ်းစစ်တပ်ကို ထောက်ခံသည့်သဘောကို ရေးသားခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ဖော်ပြပြီးနောက်ပိုင်းတွင် ဦးစိုင်းဌေးအောင်က ၎င်းနှင့်အင်တာဗျူးထားခြင်းမရှိပဲ မဟုတ်မမှန် ဖော်ပြခဲ့သဖြင့် ထာ၀ရငြိမ်းချမ်းရေးသတင်းကန်ရက်အနေဖြင့် တရားဆွဲရန်ရှေ့နေငှားထားပြီး ဖြစ်၍ ပြန်လည် တောင်းပန်ရန်နှင့် မီဒီယာကောင်စီသို့လည်း တိုင်းကြားသွားမည်ဖြစ်ကြောင်း၎င်း၏ လူမှု့ကွန်ယက် စာမျက်နှာတွင် ရေးသားခဲ့သည်။
ထိုသို့ ရေးသားပြီး မကြာမီ ဖေဖော်ဝါရီ ၂၈ ရက်တွင် ထာ၀ရငြိမ်းချမ်းရေးသတင်းကွန်ရက်မှ အယ်ဒီတာ ကသွားရောက်တောင်းပန်ခဲ့ပြီး မတ် ၆ရက်တွင် တောင်းပန်ပွဲနှင့် သတင်းစားရှင်လင်းပွဲထပ်မံ ပြုလုပ်မည် ဖြစ်ကြောင်း ဦးစိုင်းဌေးအောင်ကပြောသည်။
“လာတောင်းပန်သွားတယ်။ မတ်လ ၆ ရက်မှ ၀န်ချတောင်းပန်ပွဲနဲ့ သတင်းစားရှင်လင်းပွဲလုပ်မယ်” ဟု ဦးစိုင်းဌေးအောင်ကပြောသည်။
အဆိုပါ ကွန်ရက်က မှားယွင်းဖော်ပြမှုသည် နာမည်တူသော လူဖြင့်မှားယွင်းဖော်ပြမှုသာဖြစ်ကြောင်း ပြောဆိုထားသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် စစ်အာဏာသိမ်းအစိုးရကို ထောက်ခံသည့် ပုံစံဖြင့် ဖြေဆိုထားသည့် အဆိုပါအင်တာဗျူးသည် ရှမ်းနီပါတီအားပုံရိပ်ကျဆင်းစေရန် တမင်ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ရှမ်းနီပါတီ၀င်များကသုံးသပ်လျက်ရှိသည်။
ရှမ်းနီပါတီသည် အာဏာသိမ်းစစ်အစိုးရမှ ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အသစ်ခန့်အပ်ထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲသို့တက် ရောက်ခဲ့သောပါတီတစ်ခုလည်းဖြစ်သည်။
ထိုကဲ့သို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် သွားရောက်တွေ့ဆုံခဲ့သောကြောင့် ရှမ်းနီတိုင်းရင်းသားများမှ ကန့်ကွက်ရှုတ်ချမှုများနှင့် ရင်ဆိုင်နေရကြောင်းသိရသည်။