ချင်းပြည်နယ်၊ ဟားခါးမြို့တွင် မတ် ၁ ရက်တည်း ဆန္ဒပြပြည်သူများကို ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ပြီးနောက် သတင်းသမားတစ်ဦးနှင့် အမျိူးသမီးရှစ်ဦးအပါအဝင် ၂၃ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။
ချင်းလူ့အခွင့်အရေးအဖွဲ့မှ ဦးဆောင်သူတစ်ဦးဖြစ်သည့် ဆလိုင်းဆန်နှင်းလျန်က “ကျွန်တော်တို့ခေါင်းဆောင်တွေ မနေ့ညက စခန်းမှာသွားပြီးတော့ သူတို့စာရင်းကိုတောင်းတာ နာမည်စာရင်းအတိအကျကို မပေးချင်ဘူး။ ဒါပေမယ့် ဘယ်နှစ်ယောက်လည်းဆိုတာကတော့ သူတို့ဖက်ကနေပြောတာကတော့ အမျိုးသမီး ရှစ်ဦး၊ အမျိုးသား ၁၅ ဦးဖြစ်တယ်။ မနေ့ညမိုးချုပ်တဲ့အထိတော့ ရဲစခန်းမှာပဲ ထမင်းနဲ့ ညအိပ်စောင်တွေကို ရဲစခန်းမှာသွားပေးတော့ ကျွန်တော်တို့အထင်ကတော့ ရဲစခန်းမှာပဲထင်တယ်။ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြီးအကဲလို့ပြောလို့ရမယ်ထင်တယ်။ သူနဲ့ စကားပြောတာကတော့ များသောအားဖြင့် ဒီနေ့ပြန်လွတ်ပေးမယ်လို့ပြောတယ်။ ဒါပေမယ့် သူတို့ဖက်ကနေပြီး စစ်ဆေးချင်တဲ့ဟာ တခုခုရှိတယ်ဆိုရင်တော့ တစ်ယောက်နှစ်ယောက်လောက် ထိန်းသိမ်းခံနိုင်တယ်လို့ပြောတယ်” ဟု ပြောသည်။
ယမန်နေ့ ဟားခါးမြို့ဆန္ဒဖော်ထုတ်မှုတွင် ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ပြီး ဆန္ဒပြပြည်သူများအား လူနေအိမ်များအထိ ဝင်ရောက်ဖမ်းဆီးခဲ့ကြသည့်အပြင် လမ်းဘေးတွင်ရပ်ထားသည့် ဆိုင်ကယ်များလည်း ဖမ်းဆီးယူဆောင်သွားကြသည်ဟုသိရသည်။
ဆလိုင်း ဆန်နှင်းလျန်က “ဒီဟာကတော့ လုံးဝမဖြစ်သင့်တဲ့လုပ်ရပ်လို့ ကျွန်တော်တို့မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့သူတွေကို အတင်းအဓမ္မ၊ အကြမ်းဖက်နည်းနဲ့ အာဏာပိုင်တွေဖက်ကနေပြီး ဖြိုခွင်းနေတယ်။ အာဏာကိုအသုံးပြုပြီးတော့ လူတွေကို ဒီလိုမျိုးဖြိုခွဲတယ်ဆိုတော့ လုံးဝမဖြစ်သင့်တဲ့အရာပဲ။ ပြီးတော့ သူတို့ဖမ်းဆီးထားတဲ့သူတွေမှာ သတင်းထောက်လည်းပါတယ်ဆိုတော့ သတင်း ထောက်က သူ့အလုပ်လုပ်တဲ့နေရာမှာ ဒီလိုမျိုးဖမ်းထားတာက လုံးဝမဖြစ်သင့်တဲ့အရာဖြစ်တယ်လို့ ကျွန်တော်တို့ သုံးသပ်မိပါတယ်။ တပ်မတော်အာဏာသိမ်းအစိုးရဖက်ကနေပြီး ဒီအဖမ်းအဆီးတွေ ထပ်မလုပ်ဖို့နဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့သူတွေကို အကြမ်းဖက်နည်းသုံးပြီးမှ ဖြိုခွင်းတာတွေ ဆက်မလုပ်ဖို့ ပြောချင်တယ်” ဟုပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်ကလည်း ဟားခါးမြို ဆန္ဒဖော်ထုတ်မှုသတင်းယူနေသော ဟားခါးတိုင်းမ်သတင်းဌာန အယ်ဒီတာဌာနချူပ်အပါအဝင် သုံးဦးဖမ်းဆီးခံခဲ့ရပြီး နောက်တစ်နေ့မတ် ၂၈ ရက်တွင် ပြန်လည်လွှတ်ပေးခဲ့သည်။
Published
Tuesday, March 02, 2021
ဟားခါးမြို့တွင် တစ်ရက်တည်း သတင်းထောက်တစ်ဦးနှင့် အမျိူးသမီးရှစ်ဦးအပါအဝင် ၂၃ ဦး ဖမ်းဆီးခံရ