အာဏာရှင်ကဖွဲ့ထားသော UEC ကို အသိအမှတ်ရန်ခက်ခဲဟု ALD ပါတီဆို

အာဏာရှင်ကဖွဲ့ထားသော UEC ကို အသိအမှတ်ရန်ခက်ခဲဟု ALD ပါတီဆို
by -
ထွန်းခိုင် (နိရဥ္စရာ)

အာဏာသိမ်းကောင်စီကဖွဲ့ထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မှရှင် (UEC) ကို အသိအမှတ်ပြုရန်ခက်ခဲကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပြောသည်။

“အဓိကတော့ အခုဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ဟာ အသစ်ဖွဲ့ထားတာဖြစ်တယ်။ တနည်းအားဖြင့် ပြောရရင် စစ်အာဏာသိမ်း (ထိန်း) သူတို့ ဖွဲ့ထားတဲ့ ကောင်စီဖြစ်တယ်။ သူတို့ စစ်ကောင်စီက ဖွဲ့ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ဖြစ်တယ်။ အဲဒါကြောင့် ဒီဟာကို ALD အနေနဲ့ တက်ရောက်ဖို့ အခက်အခဲ ဖြစ်နေတယ်။ ဘာဖြစ်လို့လည်းဆိုတော့ စစ်ကောင်စီကိုတောင်မှ အသိအမှတ်ပြုဖို့ခက်ခဲနေတယ်။ သူတို့ ဖွဲ့ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ဆိုတာကို တရားဝင်ပြုမှုအတွက်ဆိုရင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အခက်အခဲဖြစ်တယ်။ အာဏာရှင်စနစ်ကို တွန်းလှန်ဖို့အတွက် အမြစ်ပြတ်ဖို့အတွက်  ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ဖွဲ့ထားတာဖြစ်တယ်” ဟု ၎င်းကပြောသည်။

အဆိုပါ ကော်မရှင်သည် နိုင်ငံရေးပါတီများအား ပြီးခဲ့သော ဖေဖော်ဝါရီ ၂၆ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ထိုတွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ်မှ အင်းအားကြီးပါတီများဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင့်ဦးဆောင်ပါတီ (AFP) တို့က တက်ရောက်ခဲ့ကြသော်လည်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ကမူ တက်ရောက်ခြင်းမရှိခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ ရခိုင့်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အနေဖြင့် တက်ရောက်ခဲ့ခြင်းမရှိခြင်းမှာ ၄င်းတို့ပါတီသည် အာဏာရှင်စနစ်ကို တွန်းလှန် အမြစ်ဖြတ်ဖို့ ဖွဲ့စည်းထားသည့် ပါတီဖြစ်သောကြောင့် မတက်ရောက်ခြင်းဖြစ်သည်ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ဆက်လက်ပြောသည်။

ထို့ပြင် ရွေးကောက်ပွဲနှင့်ပတ်သက်၍လည်း ရခိုင့်ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် စဉ်းစားထားခြင်းမရှိသေးဟု ဆိုသည်။

“ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ အာဏာသိမ်း (ထိန်း) အစိုးရတောင်မှ တရားဝင်မဖြစ်နိုင်သေးတဲ့အချိန်မှာ ဒီကိစ္စကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် စဉ်စားထားတာမရှိသေးဘူး” ဟု ဦးမျိုးကျော်က ပြောသည်။

ပြီးခဲ့သော နှစ်များက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော စစ်ဘေး၊ စစ်ဒဏ်များမှာ အာဏာရှင်စနစ်၏ ဆိုးမွေးများအဖြစ် ရခိုင်ပြည်သူတစ်ရပ်လုံးအနေနှင့်လည်း မြင်ရန်လိုကြောင်း ဦးမျိုးကျော်က ပြောသည်။

အဆိုပါတွေ့ဆုံပွဲသို့ မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီ  ၅၃ ပါတီက တက်ရောက်ခဲ့ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...