ကယားပြည်နယ် စစ်အာဏာရှင်စနစ် ဆန္ဒပြကန့်ကွက်နေသည့် သပိတ်ကော်မတီဦးဆောင်သူအချို့၏ နေအိမ်များကို ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်း၌ ရဲများက ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ကြောင်း သပိတ်ကော်မတီဝင်တစ်ဦးဖြစ်သည့် ကိုသိုက်ကပြောသည်။
“အဲ့လိုမျိုးဖြစ်သွားတယ်။ ကျနော်တို့နေတဲ့နေရာကို ရဲတွေက လာဝိုင်းထားတယ်ပေါ” ဟု ကိုသိုက်ကပြောသည်။
ထိုသို့လာရောက်သည့်အချိန်တွင် သပိတ်ကော်မတီဦးဆောင်သူအဖွဲ့ဝင်များသည် နေအိမ်တွင်မရှိခြင်းကြောင့် ဖမ်းဆီးခံရခြင်းမရှိပေ။
ကယားပြည်နယ် သပိတ်ကော်မတီအဖွဲ့ဝင်များကလည်း ၎င်းတို့လုံခြုံရေးအတွက် အစီအစဉ်များ ရေးဆွဲထားကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်ကအာဏာသိမ်းယူခဲ့ပြီးနောက် ကယားပြည်နယ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကန့်ကွက်လှုပ်ရှားသည့် လူထုသပိတ်ကို ဖေဖော်လရီ ၈ ရက်မှစတင်၍ လက်ရှိအချိန်ထိ အကြမ်းမဖက် ဆူပူမှုမရှိဘဲ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျက်ရှိသည်။
ထို့ပြင် ကယားပြည်နယ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလုပ်ရှားမှု သပိတ်ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းထားပြီး ၎င်းကော်မတီတွင် ကျောင်းသားသမဂ္ဂ၊ နိုင်ငံရေးသမား၊ တက်ကြွလုပ်ရှားသူ၊ အမျိုးသမီးအဖွဲ့၊ ရှေ့နေ စသည့် အလွှာပေါင်းစုံပဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည်။