အာဏာသိမ်းစစ်ကောင်စီနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှ ချမှတ်လာမည့် အုပ်ချုပ်ရေးဆိုင်ရာယန္တရားများကို လုံဝလက်ခံသွားမည်မဟုတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်ချုပ်ခရိုင်များမှ တာဝန်ရှိသူများက ပြောသည်။
ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၂ တောင်ငူခရိုင်၊ တပ်မဟာ ၅ ဖာပွန် (မူတြော်ခရိုင်) နှင့် တပ်မဟာ ၆ ဒူးပလာယာခရိုင်မှ တာဝန်ရှိများက ထုတ်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။
KNU တပ်မဟာ ၆ ဒူးပလာယာခရိုင် အတွင်းရေးမှူး စောလစ္စတန်က “နံပါတ်တစ်အနေနဲ့ ဒီ အာဏသိမ်းစစ်ကောင်စီကျတော့ ဒါ နိုင်ငံတကာလည်းကန့်ကွက်တယ် ကျွန်တော်တို့ တိုင်းသူပြည်သားတွေလည်း ကန့်ကွက်နေ တယ်။ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း အဲဒီလို စစ်အာဏာရှင်ပဲ ပြောပြော၊ အာဏာရှင်ပဲ ပြောပြော ကျွန်တော်တို့ က အဲလိုအာဏာရှင်စနစ်မျိုးကို တိုက်လာတာ နှစ် ၇၀ ကျော်ရှိပါပြီ။ ဒါကြောင့်မို့လို့ ကကျွန်တော်တို့ အနေနဲ့ကတော့ အဲဒီကိစ္စကတော့ အထူးပြောစရာ ဘာမှ မရှိပါဘူး။ အာဏာသိမ်းတဲ့ ကောင်စီကိုတော့ သူတို့ အုပ်ချုပ်ရေးကို ကျွန်တော်နယ်မြေထဲမှာ လာမချဖို့ ဆိုတာကို ကျွန်တော်တို့ရှင်းရှင်းလင်းလင်းကန့်ကွက် တာဖြစ် တယ်။ ဒါက နံပါတ်တစ် တစ်ချက်ပါ” ဟုပြောသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ ( CRPH) က လာရောက်ချထားမည့် အုပ်ချုပ်ရေးဆိုင်ရာ ယန္တရား များကို ကန့်ကွက်ရသည့် အကြောင်းနှင့် ပတ်သက်၍ စောလစ္စတန်ယခုကဲ့သို့ ဆက်ပြောသည်။
၎င်းက “သူတို့သည် CRPH ဖွဲ့စည်းပြီးတော့ အဆင့်ဆင့် သူတို့ချမယ်ဆိုတာမျိုးက ဒါသတင်းက ရောက်လာတယ်။ ကျွန်တော်တို့ရဲ့ တိုင်းရင်း သားတွေရဲ့ ဖက်ဒရယ် တိုင်းရင်းသား အားလုံးရဲ့ အခွင့်အရေး တန်းတူဖြစ်မယ့် ဒီမိုကရေစီ အခြေခံအပေါ်မှာ ဖွဲ့စည်းမယ့် ဖက်ဒရယ် ပြည်ထောင်စုဆိုတဲ့ ဖော်ဖို့ကိစ္စကျတော့ သူတို့က ဂရုမစိုက်ဘူးဆိုတာမျိုး ဖြစ်နေရင် လည်း ကျွန်တော်တို့အတွက် ဒါစိုးရိမ်စရာ ဖြစ်တယ်။ ဒီအပေါ်မှာ ကျွန်တော် တို့က ဒါကိုကန့်ကွက်ရခြင်းဖြစ်ပါတယ်” ဟုပြောသည်။
KNU တပ်မဟာ အသီးသီးရှိ ခရိုင်များ၏ ထုတ်ပြန်ချက်များသည် ကရင်အမျိုးသား အစည်းအရုံး KNU ဗဟို၏ သဘောထား ရပ်တည်ချက်အပေါ်အခြေခံကြောင်း KNU ဒူးပလာယာခရိုင် အတွင်းရေးမှူး ဆိုသည်။
စောလစ္စတန်က “ဗဟိုကတော့ ဘယ်လိုပြောမလဲ ဆိုတော့ သူက ခြုံငုံပြီးတော့ ၇ ခရိုင်စလုံးကို ခြုံငုံပြီးတော့ ထုတ်ပြန်ရတာ ဖြစ်တော့ ဒေသထဲက အသေးစိတ် အသေးစိတ်အချက်အလက်တွေကိုလည်း သူတို့တွေက အချိန်နဲ့ တစ်ပြေးညီ မရတဲ့ အနေအထားမျိုးလည်း ပြတ်တောက်တာပေါ့နော။ ရှိတာပေါ့နော။ အဲဒီအခါကျ တော့ သူတို့က ကျွန်တော်တို့အပေါ်မှာ ခွင့်ပြုချက်ပေးထားတာ ဒေသအခြေအနေနဲ့ ဗဟိုက ထုတ်တဲ့ ထုတ်ပြန် ချက် ကိုလည်း ပယ်ဖျက်ခြင်းမရှိပဲ နောက်ပြီးဒေသရဲ့ အခြေအနေအပေါ်မှာ မူတည်ပြီးတော့ ထုတ်ပြန်နိုင်ပါ တယ် ဆိုတာမျိုးအခြေခံပြီးတော့ အဲဒီအပေါ်မှာ ကျွန်တော်တို့သည် ထုတ်ပြန်ရခြင်းဖြစ်ပါတယ်” ဟုပြောသည်။
KNU တပ်မဟာ ၂ ၊ ၅ ၊ ၆ ရှိ ခရိုင်များ၏ ထုတ်ပြန်ချက်များထဲတွင် စစ်အာဏာသိမ်းပြီးနောက်ဆက်တွဲ အနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအား ပြည်ထောင်စု အဆင့် ၊ တိုင်းနှင့် ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်ဖြင့် စီမံအုပ်ချုပ်ရေး ကောင်စီများအား အုပ်ချုပ်ရေး ပုံစံချမှတ်ပြီး အာဏာလုယူမှုအပေါ်တွင် မိမိတို့ လုံးဝလက်ခံခြင်းမရှိပဲ မိမိတို့ ခရိုင်နယ်မြေဒေသအတွင်းတွင် ချမှတ်လာမည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ အုပ်ချုပ်ရေး ယန္တရားများကို ကန့်ကွက်သွားမည်ဖြစ်ပါသည်ဟု ဖော်ပြထားသည်။
ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြန်လည်အသက်သွင်းရန် အကောင်အထည်ဖော်နေသည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH မှ ချမှတ်လာမည့် အုပ်ချုပ်ရေး အစီအမံများကို မိမိတို့ ခရိုင်နယ်မြေတွင် လက်ခံမည် မဟုတ်ပဲ နဂိုရှိထားသည့် ကော်သူးလေ အုပ်ချုပ်မှုစံနစ်အတိုင်း စီမံဆောင် ရွက်သွားမည်ဟု ဆိုသည်။
သို့သော်လည်း မိမိတို့ KNUအုပ်ချုပ်နယ်မြေ ပြင်ပဒေသတွင် ကြားကာလ အုပ်ချုပ်ရေး အပြင် CRPH မှ လမ်းညွှန်သည့် ပြည်သူ့အုပ်ချုပ်ရေး အစီအစဉ်များကို အားပေးထောက်ခံကြောင်းနှင့် လိုအပ်သည့်အုပ်ချုပ်ရေး ဆိုင်ရာ အစီအမံများ နယ်မြေလုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ပညာရေး ကျန်းမာရေး ဆိုင်ရာ စသည့် ဝန်ဆောင်မှု လုပ်ငန်းများ အပါအဝင် မိမိတို့ လိုအပ်သလို အတတ်နိုင်ဆုံး ဝိုင်းဝန်းကူညီပံ့ပိုး သွားမည်ဖြစ် သည်ဟု ပြောသည်။
ထို့ကြောင့် မိမိတို့ ခရိုင်အတွင်း အုပ်ချုပ်ရေး ကာကွယ်ရေးနှင့် တရားဥပဒေစိုးမိုးရေး နဂိုရှိထားသည့် ကော်သူးလေ အုပ်ချုပ်ရေး စံနစ်အတိုင်း စီမံဆောင်ရွက်သွားမည်ဖြစ်ပြီး ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ် ပေါ်ပေါက်လာသည့်အထိ ကြိုးပမ်းသွားမည် ဖြစ်သည်ဟု KNU ခရိုင်အသီးသီးက ဆိုသည်။