ကချင်ပြည်နယ် ပူတာအိုမြို့တွင် ပြုလုပ်ခဲ့သည့် စစ်အာဏာသိမ်း ဆန့်ကျင်သည့် သပိတ်တွင် ထိုလူငယ်ငါးဦးက ဦးဆောင်ခဲ့သည်ဟုဆိုကာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ညက လိုက်လံ ဖမ်းဆီး ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးဖေဖော်ဝါရီ ၂၂ ရက် နံနက် ၁ဝနာရီတွင် ရုံးထုတ်မည်ဟုဆိုသော်လည်း ရုံးထုတ်ခဲ့ခြင်းမရှိသည့်အပြင် ယနေ့ချိန်ထိ တစ်စုံတစ်ဦး နဲ့မျှတွေ့ခွင့်မရကြောင်း သိရသည်။
"ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာတွေ့ခွင့်ပေးမယ်ဆိုလို့ ကျွန်တော်တို့စောင့်နေတာပါ။ ဒါပေမယ့် တွေ့ခွင့်မရခဲ့ဘူး။ ယမန်ယူထားတဲ့အကြောင်း ၃လပိုင်း ၅ ရက်နေ့ ရုံးထုတ်မယ်ဆိုတာ သိခဲ့ရတယ်။ခုအခြေနေအရဆိုရင် ပုဒ်မနဲ့စွဲထားတဲ့သဘောရှိတယ်။ အဲကြောင့်နောက် (၂)ပတ်မှ ရုံးထုတ်မယ်ဆိုတဲ့သ ဘောဟုတ်တယ်။ကျွန်တော် တို့ကြားရသလောက်တော့ ၁၄၄ ရယ်၊၅၀၅ (က)ရယ်၊၁၇/၁ လို့ကြားရတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။
အဆိုပါ လူငယ်ငါးဦးသည် စစ်အာဏာသိမ်းဆန့်ကျင်သည့် သပိတ်တွင်ပါဝင်ခဲ့သည့်သူများဖြစ်ပြီး စစ်တပ်မှ ဖမ်းဆီးရန် လုပ်ဆောင်နေသည်ဆိုသည့် သတင်းထွက်ပေါ်လာသည့်အတွက် ဖေဖော်ဝါရီလ ၉ ရက်မှ ထွက်ပြေးတိမ်းရှောင်ခဲ့သော်လည်း ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည(၉)နာရီခန့်တွင် တောထဲပုန်းခိုနေရာမှ စစ်တပ်မှ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
ထို့နောက် ပူတာအိုမြို့မရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် ဖေဖော်ဝါရီ ၂၁ ရက်တွင် မြို့မရဲစခန်းမှ နမ့်အော့အကျဉ်းဦးစီးထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။
ဖမ်းဆီးခံထားရသူများဖြစ်သည့်ကိုမလောင်ဖေနှောင်းအောင်၊ကိုရမ်ဆိုင်း၊ကိုအောင်ဒီး၊ကိုဆင်ဝါး၊ကိုဖီနန်းတို့နှင့်အတူ ဖေဖော်ဝါရီ ၂၀ ရက်ည ဖမ်းဆီးခံလိုက်ရသည့် လူငယ်လေးဦး စုစုပေါင်း ကိုးဦး ရှိခဲ့သော်လည်း ကျနလေးဦး ကိုမူ ဖေဖော်ဝါရီ၂၁ရက်တွင် ပြန်လည်လွှတ်ပေးခဲ့သည်။
လက်ရှိ ဖမ်းဆီးခံထားရဆဲဖြစ်သည့် လူငယ်ငါးဦးသည် ဆန္ဒပြဦးဆောင်သူများမဟုတ်သည့်အပြင် ပူတာအိုမြို့ တွင်း စစ်အာဏာသိမ်းဆန့်ကျင်သည့် သပိတ်တွင်မိမိဆန္ဒအလျောက် လာရောက်ဆန္ဒထုတ်ဖော်သူများ သာဖြစ်ကာ မည်သူူတစ်ဦးတစ်ယောက်မှ ဦးဆောင်ခြင်းမရှိသည့်အပြင် ယခုကဲ့သို့ လုပ်ဆောင်နေခြင်းသည် ပြည်သူများအား တမင်ဖိနှိပ်နေခြင်းသာဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
"တစ်နိုင်ငံလုံးမှာ ဆန္ဒပြနေကြတာဘဲ ဒါပေမယ့် ပူတာအိုမှာ ခုလိုဖမ်းဆီး အရေးယူတယ်ဆိုတာက ကျွန်တော် တို့အမြင်မှာ ပူတာအိုမှာက ဘာမှကို သတင်းမီဒီယာလွှတ်လပ်မှုလည်းမရှိတဲ့နေရာ၊ ဒီမိုကရေစီဆိုတာတောင်မှ ခုမှခံစားရပြီးနည်းနည်းပါးပါးပြောခွင့်ရတုန်းဘဲရှိသေးတဲ့နေရာမှာ ခုလိုလုပ်တာက တမင်သက်သက်ကို ပြည်သူကိုဖိနှိပ်နေတာလို့မြင်တယ်”ဟု အမည်မဖော်လိုသူဒေသခံတစ်ဦးကပြောသည်။
ပူတာအိုမြို့တွင် အခြားမြို့များနည်းတူ ဖေဖော်ဝါရီ ၈ ရက်မှစကာ စစ်အာဏာဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ထို့အတူ ဆန္ဒထုတ်ဖော်ရာတွင် အများပြည်သူကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ လုပ်ဆောင်ရန် ဆန္ဒပြရာတွင်ပြည်သူများအား ကြပ်မတ်ပေးသည့် လူငယ်များကိုလည်း ယခုကဲ့သို့ ဖမ်းဆီးနေသည့်အပြင် နောက်ထပ်ဖမ်းဆီးရန်အလိုရှိသည့် အမည်စာရင်းများလည်း ထပ်မံထွက်ပေါ်လာသည်။
"လူငယ်တွေကို နောက်ထပ်မလုပ်ရဲအောင် ဒီလိုခြိမ်းခြောက်မှုတွေလုပ်နေတာလို့ဘဲမြင်တယ်။ ဒါပေမယ့် လူ တွေက ဆန္ဒထုတ်ဖော်တဲ့လူတွေက တစ်ရက်ထက်တစ်ရက်ပိုများလာတယ်။ဒီလိုခြိမ်းခြောက်မှုတွေလုပ်တိုင်း ဒီကိစ္စတွေက ပြီးသွားမှာမဟုတ်ဘူး ပြီးတော့ ဒီလူငယ်ငါးဦးမှာလည်း ဘာမှအပြစ်မရှိပါဘူး။ အဲတော့ကကျွန်တော် တို့အနေနဲ့လည်း အမြန်ဆုံးလွှတ်မြောက်လာနိုင်ဖို့အတွက် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်”ဟု ၎င်းအမူအားလိုက်ပါဆောင်ရွက်ပေးနေသူ ဒေသခံတစ်ဦးကပြောသည်။
ပူတာအိုမှ ဖမ်းဆီးခံထားရသည့် လူငယ်ငါးဦးအား စွဲဆိုထားသည့်ပုဒ်မများသည် မတရားအသင်းဆက်သွယ်မူပုဒ် ၁၇/၁၊ နိုင်ငံတော်အကြည်အညိုပျက်စေမူပုဒ်မ ၅၀၅၀(ခ)၊ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်နှင့် လူငါးဦးထက်ပိုပြီးမစုရ စသည့် ပုဒ်မများဖြင့် စွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။
အဓိကရုဏ်းပဠိပက္ခနှိမ်နှင်းရေး ဥပဒေစာအုပ်မှ အမိန့်အာဏာ ပုဒ်မ ၁၄၄ သည် ည ၈နာရီမှ မနက် ၄ အတွင်းနေအိမ်ပြင်ပထွက်ပြီး လမ်းသွားလမ်းလာခြင်းမပြုရ၊လူငါးဦးထက်ပိုစုခြင်းမပြုရ အမိန့်အဖြစ် ထုတ်ပြန်ထားခြင်းဖြစ်သည်။
ပုဒ်မ ၁၄၄ ထုတ်ပြန်ရာတွင်ပါဝင်သည့် ကန့်သတ်ချက်၊တားမြစ်ချက်တစ်ရပ်ရပ်အား ဖောက်ဖျက်ပါက ပုဒ်မ ၁၄၄အား ထုတ်ပြန်သည့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ တရားရုံးတွင် ဦးတိုက်လျှောက်ထားတရားစွဲ ဆိုနိုင်သည်။ ရဲအရေးယူပိုင်ခွင့်မရှိသည့် အမှုဖြစ်သောကြောင့် ရဲတပ်ဖွဲ့များ ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိပါ။
ထို့ပြင် ပုဒ်မ ၁၄၄ ဟုပြောဆိုသော်လည်း အမှန်အရေးယူသည့် ပုဒ်မ ရာဇသတ်ကြီးပုဒ်မ ၁၈၈ အရအရေးယူခြင်းသာဖြစ်သည်။ပုဒ်မ ၁၈၈ အရချမှတ်နိုင်သည့် ပြစ်ဒဏ်သည် အလုပ်မဲ့ထောင်ဒဏ် တစ်လအထိဖြစ်စေ ဒဏ်ငွေ ၂၀၀ ကျပ်ဖြစ်စေ ဒဏ်နှစ်ရပ်စလုံးချမှတ်နိုင်သည်။
ထို့အပြင် ရုန်းရင်းဆန်ခတ်မှု၊သတ်ပုတ်နှောင့်ယှက်မှုပြုခြင်းဖြစ်ပါက ထောင်ဒဏ် ခြောက်လဖြစ်စေ၊ ငွေဒဏ် ၁၀၀၀ ကျပ်ဖြစ်စေ ၊ဒဏ်နှစ်ရပ်စလုံးဖြစ်စေချမှတ်နိုင်သည်။
ပုဒ်မ ၅၀၅ (ခ)တွင် နိုင်ငံတော်အစိုးရကိုဖြစ်စေ၊နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ဖြစ်စေထိုခိုက်သည့်ပြစ်မူအား တစ်ဦးတစ်ယောက်သောသူအား ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်လည်းကောင်း၊အများပြည်သူ၏ သီးခြားလူအုပ်စိုကိုလည်းကောင်း၊ကြောက်ခြင်း၊ ထိတ်လန့်ခြင်း၊ တစ်ခုခုဖြစ်စေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာသည့်အကြောင်းရှိလျှင် ထိုသူကို ထောင်ဒဏ် နှစ်နှစ်၊ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပုဒ် ၅၀၅(ခ) တွင်ဖော်ပြထားသည်။
မည်သူမဆို မတရားအသင်း၏ အဖွဲ့ဝင်ဖြစ်လျှင်၊သို့တည်းမဟုတ် ယင်းအသင်း၏ အစည်းအဝေးတွင် ပါဝင်ဆောင်ရွက်လျှင်၊သို့တည်းမဟုတ် ယင်းအသင်းအတွက် ဝင်ကြေးထည့်ဝင်၊ရယူ၊တောင်းခံလျှင် သို့တည်းတစ်နည်းနည်းဖြင့် ယင်းအသင်း၏ လုပ်ကိုင်ဆောင်ရွက်ရာတွင် ကူညီလျှင် ပုဒ်မ ၁၇(၁) အရ ထောင်ဒဏ် (၂)နှစ်ထက်မနည်း (၃)နှစ်ထက်မပိုသော ထောင်ဒဏ်နှင့်ငွေဒဏ်ကိုပါ စီရင်ခြင်းခံရမည်ဖြစ်ကြောင်း ဥပဒေတွင်ပြဌာန်းထားသည်။
လက်ရှိတွင် ဖမ်းဆီးခံထားရသည့် လူငယ်ငါးဦးအား အမြန်ဆုံးလွှတ်မြောက်နိုင်ရန်အတွက် ကချင်ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးခက်ထိန်နန်ထံသို့လည်း စာပို့ထားကြောင်း သိရသည်။