အာဏာသိမ်းစစ်ကောင်စီအဖွဲ့မှ ပြည်သူများရွေးချယ်တင်မြောက်ထားသည့် ရက်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား တာဝန်မှရပ်စဲကာ ၎င်းတို့၏ အုပ်ချုပ်မှုယန္တရားအား နာခံဦးညွှတ်မည့်သူများဖြင့် အစားထိုးခန့်အပ်မှုများကို ပြည်သူများအနေဖြင့် လုံးဝအသိအမှတ်မပြုရန်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြရန် ချင်းပြည် နယ် လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRCH) က ဖေဖော်ဝရီ ၂၁ ရက်က ကြေညာချက်တစ်စောင် ထုတ်ပြန် ကာတောင်းဆိုလိုက်သည်။
ထိုကဲ့သို့ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများအား အစားထိုးခန့်အပ်လာခြင်းသည် စစ်ကောင်စီအနေဖြင့် ၎င်းတို့၏ သြဇာအာဏာကို ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာများအထိရောက်ရှိခြေကုပ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ စစ်အာဏာသိမ်းလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ကြသည့် အစိုးရဝန်ထမ်းနှင့် အရပ်သားများအား ဖမ်းဆီးနှိပ်ကွက်ရေးအတွက်သာဖြစ်သည်ဟု CRCH က သုံးသပ်ကြောင်း ယင်းကြေညာချက်တွင်ဖော်ပြထားသည်။
ချင်းပြည်နယ် လွှတ်တော်ကိုယ်စားပြု ကော်မတီအဖွဲ့ဝင် ဆလိုင်မျိုးထိုက်က “ စစ်အာဏာရှင်ဆိုတာကတော့ တကယ်တမ်း ပြောရမယ်ဆိုရင် ပြည်သူတွေရွေးချယ်ခန့်ထားတဲ့အဖွဲ့မဟုတ်ဘူးလေ။ သူတို့က အာဏာကို သိမ်း ပြီးမှ လုပ်ထားတဲ့ကိစ္စတွေ အဲ့ဒါကြောင့် ကျွန်တော်တို့အနေနဲ့ကျတော့ ဒီနေ့ပြည်သူတွေရွေး ချယ်ထားတဲ့ ကိုယ်စားလှယ်သာလျှင် ပြည်သူတွေရွေး ချယ်ထားတဲ့ အစိုးရသာလျှင် ကျွန်တော်တို့ရဲ့ အစိုးရဖြစ်တယ်၊ အခုလက်ရှိရွေးချယ်ထားတဲ့ကိုယ်စားလှယ်နဲ့ ဖွဲ့ထားတဲ့ ဟာက ပြည်သူတွေရဲ့ ကိုယ်စားဖြစ်တယ်ဆိုတဲ့ အနေနဲ့ ကျွန်တော်တို့ ထုတ်ပြန်တာ ဖြစ်တယ်” ဟု ပြောသည်။
ယခုလက်ရှိ ချင်းပြည်နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး မည်မျှတာဝန်မှရပ်စဲပြီး မည်မျှ အစားထိုးခန့်အပ်ထားမှု အခြေအနေကိုမူ မသိရသေးပေ။ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာမူ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအနည်းဆုံး ၁၅ ဦးခန့်က စစ်ကောင်စီမှတိုက်ရိုက်ခန့်အပ် မှုရှိနေပြီဖြစ်ကြောင်းသိရသည်။
ချင်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ ပြည်သူလူထုအနေဖြင့် မိမိတို့၏ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်စောင့်ရှောက်နိုင်ရန် အာဏာသိမ်းစစ်ကောင်စီ ဖွဲ့စည်းပုံအဆင့်ဆင့်က တိုက်ရိုက်ခန့်အပ် သော ရပ်ကွက်၊ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးအမှုးများအပါအဝင် ရာအိမ်မှုး၊ ဆယ်အိမ်မှုးများကို လုံးဝ (လုံးဝ) အသိအမှတ်မပြုရန် နှင့် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြရန် CRCH ၏ ဖေဖော်ဝါရီ ၂၁ ရက် ကြေညာ ချက်တွင် ဖော်ပြထားသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ယနေ့ဖေဖော်ဝါရီ ၂၂ ရက်စွဲဖြင့် ကြားကာလ ပြည် သူ့ အုပ်ချုပ်ရေး အစီစဉ်လမ်းညွန်ချက်ထုတ်ပြန်ခဲ့ပြီး ချင်းပြည်နယ်မြို့နယ်အသီးသီးမှ စစ်အာဏာ သိမ်းဆန့် ကျင်မှုကို ဦးစီးဦးဆောင်ပြုနေသူများအနေဖြင့် မိမိတို့မြို့နယ်/ရပ်ကွက်ကျေးရွာအုပ်စုရှိ ပြည်သူ့ဘက်တော် သားရပ်မိရပ်ဖများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အမျိုးသမီးနှင့်လူငယ်ခေါင်းဆောင်များ၊ ဘာသာရေး အဖွဲ့အစည်းအကြီးအမှူးများစသူတို့နှင့် ညှိနှိုင်းတိုင်ပင်ကာ မိမိတို့ဒေသအသီးသီးနှင့် ဆီလျော်ကိုက်ညီသော ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို ကျေးရွာ/ကျေးရွာအုပ်စု/ရပ်ကွက်/မြို့နယ်အဆင့်အမြန်ဆုံးဖွဲ့စည်းဆောင်ရွက်ကြရန်လည်း CRCH က တိုက်တွန်းနိုးဆော်ထားသည်။
Published
Tuesday, February 23, 2021
စစ်ကောင်စီက အစားထိုးခန့်အပ်သော ရပ်/ကျေးအုပ်ချူပ်ရေးမှုးများကို အသိအမှတ်မပြုရန် ချင်းပြည်နယ်လွှတ်တော် ကိုယ်စားပြုကော်မတီမှ တိုက်တွန်း