‘အဆိုးဆုံးကို ရင်ဆိုင်ကြမယ်’ မကြောက်ဘူး၊ နောက်မဆုတ်ဘူး

‘အဆိုးဆုံးကို ရင်ဆိုင်ကြမယ်’ မကြောက်ဘူး၊ နောက်မဆုတ်ဘူး

မောင်ကျော်စွာ — ပြီးခဲ့တဲ့ တစ်ပတ်က ကျနော့်ဆောင်းပါးကို ‘စတုတ္တမြောက် ဖြစ်ရပ်က ဘာဖြစ်မလဲ’ ဆိုတာဟာ စောင့်ကြည့် လေ့လာကြဖို့ဆိုတာနဲ့ အဆုံးသတ်ထားခဲ့ပါတယ်။ သိပ်မကြာခင်မှာ ‘စတုတ္တမြောက်ဖြစ်ရပ်’ ဘာလဲဆိုတာ ကျနော်တို့ သိလာရလိမ့်မယ်လို့ ထင်မြင်ယူဆမိပါတယ်။ ဘာကြောင့် ဒီလိုပြောနိုင်ပါသလဲ။ ဒီလိုပြောနိုင်လောက်တဲ့ အချက်အ လက်တွေက ဘာတွေလဲ ဆိုတာကို  လက်တွေ့ဖြစ်ရပ်တွေထဲကနေ လေ့လာကြည့်ကြပါစို့။ ဘက်နှစ်ဖက်ကို လေ့လာ ကြည့်ကြရမှာပါ။

-    ပထမဘက်က (CDM) ပြည်သူ့လှုပ်ရှားမှုကြီး

-    ဒုတိယဘက်က (SAC) အာဏာသိမ်းစစ်ကောင်စီ

(CDM) ပြည်သူ့လှုပ်ရှားမှုကြီး

ပထမဖက်က လူတန်းစားလူ့အလွှာစုံ အုံနဲ့ကျင်းနဲ့၊ အင်နဲ့အားနဲ့ အရှိန်အဟုန် မြှင့်မားလာနေတဲ့ မြန်မာပြည် အနယ်နယ်အရပ်ရပ်က ပြည်သူများရဲ့(CDM)လှုပ်ရှားမှုကြီး ဖြစ်ပါတယ်။ (CDM)ပြည်သူ့လှုပ်ရှားမှုကြီးဆိုတာဟာ မြန်မာပြည်က ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်၊ပဲခူး၊  မြစ်ကြီးနား၊ တောင်ကြီး စတဲ့ မြို့ကြီးတွေပေါ်က ဖြစ်ရပ်မျှမဟုတ်ဘဲ တစ်တိုင်းတစ်ပြည်လုံးက ပြည်သူတွေ တက်ကြွစွာ၊ ညီညွတ်စွာ ပါဝင်လာနေတဲ့ နေ့စဉ်လှုပ်ရှားမှု ကြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို အထင်ကရ နေ့စဉ်နဲ့အမျှ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်၊ ဖြစ်ရပ်ကြီးကို အာဏာသိမ်းစစ် ကောင်စီ(SAC)ရဲ့ ဝါဒဖြန့်သမားတွေက ‘မသမာသူလူတစ်စုက သွေးထိုးလှုံ့ဆော်မှုကြောင့်’ ပေါ်ပေါက်လာရသယောင် ယောင် တကယ့်အဖြစ်မှန်ကို တစ်ဖက်က သရုပ်ဖျက်ဖုံးကွယ်လိုက်ပြီး အခြားတစ်ဖက်က (CDM) ပြည်သူ့လှုပ်ရှားမှု ကြီးမှာ ကိုယ်ပိုင်တာဝန်သိ စိတ်ဓာတ်နဲ့ ပါဝင်လာနေကြတဲ့ ပြည်သူတွေကို အထင်သေး ပုတ်ခတ် စော်ကားလိုက်တာ ဖြစ်ပါတယ်။

သေချာစဉ်းစားကြည့်ပါ။ ဒီလို လှုပ်ရှားမှုကြီး ပေါ်ပေါက်လာရတဲ့ အခြေခံအကျဆုံး လတ်တလော အကြောင်း ရင်း ကာချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခေါင်းဆောင်တဲ့ (SAC) စစ်ကောင်စီက အာဏာသိမ်းလိုက်လို့ ရုတ်ချည်း ပေါ်ထွက်လာရတာ ဖြစ်ပါတယ်။ ဘယ်သူကမှ သွေးထိုးလှုံ့ဆော်ခဲ့တာ မဟုတ်ပါဘူး။ စစ်တပ်က အဲဒီလို ၂၀၀၈ အခြေ ခံဥပဒေကို ထင်သလို ကျော်လွန်ဖောက်ဖျက်ပြီး - ပြည်သူများရဲ့ တခဲနက်ဆန္ဒဖြစ်တဲ့ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပစ်ဖို့ အာဏာသိမ်းလိုက်တာကြောင့်သာ (CDM) လှုပ်ရှားမှုကြီး နိုင်ငံနဲ့အ ဝန်း ပေါ်ပေါက်လာရတာ ပထမနဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုကြီးက အဓိကတောင်းဆိုနေတဲ့ အချက် ၂ချက်ကို သတိပြုမိပါတယ်။ ပထမအချက်က အာဏာ သိမ်းစစ်ကောင်စီ(SAC)  ဖမ်းဆီးထားတဲ့ နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစု၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အဆင့်အသီးသီး ပါတီခေါင်းဆောင်များ စသဖြင့် လူပေါင်း ၁၇၀ကျော် ကို ဖမ်းဆီးထားတာကို ပြန်လွှတ်ပေးဖို့နဲ့ ဒုတိယအချက်က ‘၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်’ကို ကာ ကွယ်ထိန်းသိမ်းပြီး ယင်းရလဒ်အတိုင်း အကောင်အထည်ဖော်ဖို့ဆိုတာပဲ ဖြစ်ပါတယ်။ ဒီ ၂ချက်ရရှိရေးအတွက် ‘ရုံးမ တက်နဲ့ ရုန်းထွက်’ ဆိုတဲ့ ကြွေးကြော်သံနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးယန္တရားတစ်စုံလုံး၊ လုံးလုံးလျားလျား ရပ်ဆိုင်း သွားအောင် နေ့စဉ်ရက်ဆက် တောင်းဆိုတိုက်ပွဲဝင်နေကြတာပါ။

ဒီနေ့အထိ ပြည်သူများဘက်က  နေ့စဉ် ရရှိထားတဲ့ အောင်မြင်မှု အတိုင်းအတာက ကြီးမားပါတယ်။ တကယ် တမ်းလည်ပတ်နေနိုင်တာဆိုလို့ ‘သံချပ်ကာကားတွေ မြို့ထဲပတ်မောင်းနေတာပဲ’ ရှိလိမ့်မယ်လို့ ထင်ပါတယ်။ ဒါတောင် ပြည်သူများက ဖုန်းတွေနဲ့ ဓာတ်ပုံရိုက်တာ၊ သံပုံးတွေတီးပြီး ဆန့်ကျင်လှောင်ပြောင်တာကို အလူးအလဲ ခံနေရတာပါ။ ညစဉ် သတင်းကြေညာချိန်ရောက်တိုင်း တစ်ပြည်လုံးအနှံ့ ကလေးလူကြီးအားလုံးက မြိုင်မြိုင်ဆိုင်ဆိုင် သံပုံးတီးနေကြ တာပါ။ ဒီနှုန်းအတိုင်းသာဆက်ပြီး အရှိန်အဟုန် တိုးမြှင့်သွားနေမယ်ဆိုရင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ယန္တရားတစ်စုံ လုံး လုံးဝ ရပ်ဆိုင်းသွားဖွယ်ရာ အလားအလာအမှန်ပဲ ရှိနေပါတယ်။ ဒါဆိုရင် ဒုတိယဘက်ဖြစ်တဲ့ (SAC) အာဏာသိမ်း စစ်ကောင်စီဘက်ကို ကြည့်ဖို့လိုပါပြီ။

 

(SAC) အာဏာသိမ်းစစ်ကောင်စီ

    (SAC)အာဏာသိမ်းစစ်ကောင်စီက ‘မဲမသမာမှု’ ဆိုတဲ့ အကြောင်းပြချက်ဟာ နိုင်ငံရေး - တရားဥပဒေ - ကျင့် ဝတ်ဗေဒ ဘယ်ရှုထောင့်ကကြည့်ကြည့်၊ ဘယ်လိုပဲ ဆင်ခြေဆင်လက်တွေပြနေပါစေ၊ ဥပဒေကို အလွန့်အလွန် ဆိုး သွမ်းစွာ ချိုးဖောက်မှုကြီးဖြစ်ပါတယ်။ ‘ဖေဖေါ်ဝါရီ ၁ရက်’ အာဏာသိမ်းတဲ့ဖြစ်ရပ်ကနေ ယနေ့အထိ စစ်ကောင်စီရဲ့ ဆောင်ရွက်ချက်တွေဟာ တည်ဆဲဥပဒေတွေကို ဆင့်ကာ ဆင့်ကာ၊ ဆက်ကာ ဆက်ကာ ချိုးဖောက်ကျော်လွန်တဲ့အပြင် တပ်ကိုင်ထားနိုင်တယ်။ သေနတ်ကိုင်ထားနိုင်တယ်၊ ‘မလုပ်ရဲတာဘာမှမရှိ - ဘာမဆိုလုပ်ရဲတယ်’  ဆိုတဲ့ ‘သေနတ်ကိုင် ထင်ရာစိုင်းမှု’ ကနေ ပေါ်ထွက်လာနေတဲ့ မဆီမလျော်မှုများသာ ဖြစ်မြဲဖြစ်နေပါတယ်။

    ပြီးတော့ ဒီလို (SAC)စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများနဲ့ ကမ္ဘာ့နိုင်ငံ တွေက ဒီနေ့အထိ(၂၀ ဖေဖေါ်ဝါရီ) အသိအမှတ်ပြုခြင်း မရှိသေးတဲ့အပြင် ဖမ်းဆီးထားတဲ့သူတွေကို ပြန်လွှတ်ပေးဖို့၊ တွန်းအား၊ ဖိအားတွေနဲ့ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ဖို့ စိုင်းပြင်းနေကြပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကလည်း အာဏာသိမ်းလုပ်ရပ်ကို ပြစ်တင်ဝေဖန်ထားပါတယ်။ အိမ်နီးချင်းနိုင်ငံလည်းဖြစ်၊ လုံခြုံရေးကောင်စီအမြဲတမ်း အဖွဲ့ဝင်နိုင်ငံလည်းဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ပြဿနာတွေကို ညှိနှိုင်းဖြေရှင်းကြဖို့ ဆော်ဩနေပါတယ်။ ဒါက ပြင်ပ အကြောင်းအချက်တွေပါ။

    ပြည်တွင်းအကြောင်းအချက်တွေမှာလည်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သက်တော်ရှည် ဗန်းမော် ဆရာတော်ကြီးနဲ့ အခြားထင်ရှားတဲ့ ထေရ်ကြီးဝါကြီးဆရာတော်ကြီးတွေကလည်း ဖြစ်ပေါ်နေတဲ့ ပြဿနာကို အကြမ်း ဖက် မဖြေရှင်းဘဲ ညှိနှိုင်းကြဖို့ အဆုံးအမ ဩဝါဒတွေ ဆက်တိုက်ဆိုသလို အာဏာသိမ်းစစ်ကောင်စီကို ဆုံးမအသိပေး နေတာ ကြားသိဖတ်ရှုနေရပါတယ်။

    ဒီလို ပြည်တွင်းပြည်ပ ဖိအားတွန်းအားတွေပေးနေသော်လည်း အာဏာသိမ်း စစ်ကောင်စီကတော့ မသိဟန် မကြားဟန်ပြုပြီး နယ်မြေဒေသအလိုက်၊ အခြေအနေအလိုက်၊ အချိန်အခါ အလစ်အငိုက်ကိုယူပြီး လူထုလှုပ်ရှားမှုတွေ ကို သွေးတိုးစမ်းပြီး အကြမ်းဖက် ဖမ်းဆီးမှုတွေ၊ ပစ်ခတ်မှုတွေကို စဉ်ဆက်မပြတ် ပြုလုပ်နေပါတယ်။ အခြားတစ်ဖက် ဖြစ်တဲ့ ရေဒီယို၊ ရုပ်သံ၊ သတင်းစာ၊ ဆိုရှယ်မီဒီယာတွေကနေလည်း လုပ်ကြံသတင်းတွေ၊ သရုပ်ဖျက်သတင်း စတဲ့ ကောလဟလမျိုးစုံကို အတွဲအဖက်ညီညီနဲ့ ထုတ်လွှင့်ပြီး အမှောင့်ပယောဂတွေ၊ ရန်တိုက် သွေးထိုးမြှူဆွယ်မှုတွေကို မရပ်မနား ပြုလုပ်နေပါတယ်။ ထို့အပြင် လူဆိုးလူမိုက်များ၊ သင်္ကန်းဝတ်စွမ်းအားရှင်များ အသုံးပြုပြီး ငြိမ်းချမ်းစွာ ဆန္ဒ ပြနေသူ ပြည်သူများကို ထိုးနှက်တိုက်ခိုက်ရန်ပြုမှုတွေနဲ့ စိတ်ရောကိုယ်ပါ အနားမရနိုင်အောင် အကွက်ကျကျ လုပ် ဆောင်နေပါတယ်။

ထို့အပြင်  ဖေဖေါ်ဝါရီလ ၁၄ရက်နေ့က စတင်ပြီး အင်တာနက်လိုင်းကိုလည်း နေ့စဉ် (မနက် ၁နာရီကနေ မနက် ၉နာရီအထိ) ဖြတ်တောက်ထားပြီး ညစဉ် စစ်ကားများ ရဲကားများ၊ အဓိကရုဏ်း နှိမ်နင်းရေးကားများ ရပ်ကွက် တွင်းလှည့်လည်ပြီး ပြည်သူများကို အင်အားပြ ခြိမ်းခြောက် အကြမ်းဖက်လျက်ရှိနေပါတယ်။

    အာဏာသိမ်း စစ်ကောင်စီရဲ့ အကြမ်းဖက်ဖြိုခွဲမှုကြောင့် နေပြည်တော်မှာ အသက် ၂၀နှစ်အရွယ် ကျောင်းသူ မြသွဲ့သွဲ့ခိုင်၊ မြိတ်မြို့က မောင်နေနေဝင်းထက်၊ စစ်ကားနဲ့တိုက်ခံရတဲ့ ချင်းအမျိုးသား ဆလိုင်းခွါကုန်း၊ မန္တလေးမှာကား တိုက်ခံရတဲ့ ကိုနပွား (ခ) ကိုကိုဦး  စုစုပေါင်း ၄ဦး ကွယ်လွန်ခဲ့ရပြီးပါပြီ။ မြစ်ကြီးနားမှာ၊ မန္တလေးက ရတနာပုံသင်္ဘော ဆိပ်မှာ ရဲတပ်ဖွဲ့နဲ့ စစ်တပ်က အကြမ်းဖက်ဖြိုခွဲလို့ ဒဏ်ရာရသူတွေ  အမြောက်အများရှိလာနေပါတယ်။

    အခုချိန်ထိ  အာဏာသိမ်းစစ်ကောင်စီက  နည်းမျိုးစုံနဲ့ ခြိမ်းခြောက်ချော့မြှူလှည့်စားမှုကတစ်ဖက် - သေနတ်နဲ့ ပစ်ခတ်ချေမှုန်းနည်းကတစ်ဖက် စသဖြင့် နှစ်ဖက်သွားပေါ်လစီနဲ့ (CDM)ပြည်သူ့လှုပ်ရှားမှုကြီးကို တစ်လှမ်းပြီးတစ် လှမ်း ချေမှုန်းပစ်ဖို့ သွေးရူးသွေးတမ်း ကြိုးစားနေတာကို တွေ့မြင်နေရပါတယ်။

    ဒါကြောင့် (CDM)ပြည်သူ့လှုပ်ရှားမှုကြီးဘက်ကလည်း တစ်နေ့ထက်တစ်နေ့ အင်အားနဲ့အရှိန်အဟုန်ကို ယခု ထက် ပိုမိုတိုးတက်မြင့်မားလာစေဖို့ မုချကြိုးပမ်းလုပ်ဆောင်ရမှာပါ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးယန္တရား လုံးလုံးလျား လျား ရပ်ဆိုင်းသွားအောင်၊ လည်ပတ်လို့မရအောင် ပြတ်ပြတ်သားသား လုပ်ဆောင်သွားကြရမှာဖြစ်ပါတယ်။ နောက် ဆုတ်ပေးလို့ မရနိုင်တော့ပါဘူး။

 အခြားတစ်ဖက်ဖြစ်တဲ့ (SAC)အာဏာသိမ်းစစ်ကောင်စီကလည်း ဒီလိုလုပ်နေတာကို ရေရှည်ကြည့်နေနိုင်မှာ မဟုတ်ဘဲ (ယခု လက်ငင်းကာလမှာပဲ နေရာဒေသကွက်ပြီး အကြမ်းဖက်ပစ်ခတ်မှုတွေ လုပ်နေပါပြီ) သူတို့ရဲ့ လက်သုံး နည်းဖြစ်တဲ့ ‘သေနတ်နဲ့ အကြမ်းဖက်ချေမှုန်းတဲ့နည်း’ကို အသုံးပြုမယ့် အဆုံးသတ်စည်းအထိ မလွဲမသွေရောက်ရှိလာ ပြီဆိုရင် ‘စတုတ္တမြောက်ဖြစ်ရပ်’ မုချ ပေါ်ထွက်လာရတော့မှာဖြစ်ပါတယ်။

လောလောဆယ် အနေအထားမှာတော့ ပြဿနာကို မူလအနေအထားမပျက် အေးချမ်းစွာ ညှိနှိုင်းဖြေရှင်းကြဖို့ ဆော်ဩနေတဲ့ လေထုက အသံပိုကျယ်နေတယ်လို့ သုံးသပ်တွေ့ရှိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်ပါတီ အစိုးရဘက်ကတော့ သူတို့ရဲ့တစိုက်မတ်မတ် ကိုင်စွဲလာတဲ့ ပေါ်လစီဖြစ်တဲ့ ‘အကြမ်းမဖက်ရေး - သဟဇာတဖြစ်ရေး - သင့်မြတ်ရေး - နိုင်ငံရေးပြဿနာ နိုင်ငံရေးနည်းနဲ့ စားပွဲဝိုင်းမှာ ဖြေရှင်းရေး’ သဘောထားရပ်တည်ချက်အတိုင်း ဆိုရင် တော့ ယနေ့ ဆော်ဩနေကြတဲ့ ‘အေးချမ်းစွာ ညှိနှိုင်းဖြေရှင်းရေး’ ဆိုတာကို လက်မခံနိုင်စရာ အကြောင်းမရှိဘူးလို့ ထင်မြင်ယူဆရပါတယ်။

ဒါပေမယ့် ပြဿနာရဲ့ အဓိကဘက်၊ ဒီနေ့ပြဿနာကို စတင် ဖန်တီးကျူးလွန်သူဘက်ဖြစ်တဲ့ စစ်တပ်ကို ကိုင် ထားတဲ့ (SAC)အာဏာသိမ်းကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သဘောထားက အဆုံးအဖြတ်ဖြစ်ပါ တယ်။ သူဟာ ‘တိုင်းပြည်နဲ့ ပြည်သူလူထုဘက်ကို ထောက်ထားကြည့်ရှုမလား’ (သို့တည်းမဟုတ်) ‘သူနဲ့သူ့မိသားစု ကိုယ်ကျိုးစီးပွားနဲ့ ပုဂ္ဂလိက ထင်ပေါ်ရေးဘက်ကိုပဲ ကြည့်မလား’ ဆိုတဲ့အပေါ်မှာ လုံးဝ တည်မှီနေပါတယ်။

 (CDM)ပြည်သူ့လှုပ်ရှားမှုကြီးဘက်ကတော့ ‘အဆိုးဆုံးကို ရင်ဆိုင်မယ်’ မကြောက်ဘူး၊ နောက်မဆုတ်ဘူးဆို တဲ့ ပိုင်းဖြတ်ချက်နဲ့ ရဲရဲရင်ဆိုင်သွားကြဖို့ကလွဲလို့ အခြားနည်းလမ်း မတွေ့မြင်မိသေးပါကြောင်း သုံးသပ်တင်ပြလိုက်ရ ပါတယ်

Most read this week

July 3, 2024
စစ်ကောင်စီတပ်က ယခုလတ်တလော စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းထားသည့် စစ်သင်တန်းအပတ်စဉ် (၁)...
July 3, 2024
မြန်မာတစ်နိုင်ငံလုံးရှိ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ အနေဖြင့်...
July 2, 2024
နိုင်ငံကာမြန်မာသတင်း-BNI နှင့် အဖွဲ့ဝင်သတင်းမီဒီယာဌာနများက Development Media Group-DMG ၏...
July 1, 2024
အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်ပြည်နယ် ယူတီကာမြို့နယ်တွင် ဇွန်လ ၂၈ ရက်နေ့ညက ဒုက္ခသည်စခန်းမှတဆင့်...